အလုပ်သမားအခွင့်အရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေး မြန်မာလုပ်သားများ ဘန်ကောက်တွင် ဆန္ဒပြ

0
1321

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့(မေဒေးနေ့) အထိမ်းအမှတ်အဖြစ် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ ယနေ့ ညနေ ၄ နာရီအချိန်မှစ၍ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေး ဆန္ဒပြကြွေးကြော်ခဲ့ကြသည်။

ဘန်ကောက်မြို့လယ် Central World မှစ၍ Bangkok Art and Culture အထိ ရာနှင့်ချီသော မြန်မာအလုပ်သမားများက စစ်အာဏာရှင်ကို အလိုမရှိကြောင်း စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

“စစ်အာဏာရှင် အလိုမရှိ၊ ဖမ်းဆီးထားသော ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ အလုပ်သမားအခွင့်အရေး တန်းတူရရှိရေး” စသော စာတန်းများကိုင်ဆောင်ကာ လမ်းတစ်လျှောက် သံချပ်များဖြင့် ဆန္ဒပြကြွေးကြော်ခဲ့ကြသည်။

“စစ်အာဏာရှင်ကျဆုံးတဲ့အထိတော့ အမတို့က ဆန့်ကျင်နေမှာပဲ” ဟု မဟာချိုင်မှ ဘန်ကောက်သို့ လာရောက်ဆန္ဒပြသော အလုပ်သမားတစ်ဦးကဆိုသည်။

ဆန္ဒပြပွဲကို မြန်မာအလုပ်သမားအဖွဲ့အစည်းများ၊ ထိုင်းအလုပ်သမားအဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံရေးပါတီများမှ ပါတီဝင်များ အင်အား ၅၀၀ ကျော်အထိ လိုက်ပါကြွေးကြော်ခဲ့ကြသည်။

ဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး ဒူဝါလရှီးလ ကလည်း ပြည်တွင်း ပြည်ပအလုပ်သမားထု အပါအဝင် အင်အားစုပေါင်းစုံက ညီညွတ်စွာ တော်လှန်ရေးကို ပါဝင်ကြဖို့ သဝဏ်လွှာပေးပို့ခဲ့သည်။