ရွှေဘိုပေါ်ဆန်းစျေး ဆက်တိုက်တက်၊ ဆန်တစ်အိတ် ကျပ်တစ်သောင်းကျော်ထပ်တက်

0
2024

ယခုရက်ပိုင်းအတွင်း ထားဝယ်နှင့် မြိတ်မြို့တို့တွင် ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် တစ်သောင်းကျပ်ကျော်အထိ စျေးထပ်တက်ခဲ့ကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

ထားဝယ်ဆန်ဈေးကွက်တွင် ပြီးခဲ့သည့်အပတ်က ရွှေဘိုပေါ်ဆန်းအဟောင်း တစ်အိတ်လျှင် ၁၂၃၀၀၀ ကျပ်၊ ဆန်အသစ် ၁၁၂၅၀၀ ကျပ်သာရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် ဧပြီလ ၂၅ ရက်နေ့မှစပြီး ဆန်ဟောင်းနဲ့ အသစ်တစ်ဈေးတည်းဖြစ်ခဲ့ပြီး တစ်အိတ်လျှင် ၁၂၃၀၀၀ ကျပ်ဖြစ်နေကြောင်း ထားဝယ်မြို့ရှိ ဆန်အရောင်းဆိုင်တို့မှ သိရသည်။

ဆန်အသစ်တစ်အိတ်လျှင် ၁၀၅၀၀ ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြိတ်ဆန်ဈေးကွက်တွင် ဧပြီလ ၂၃ ရက်နေ့မှစပြီး ဆန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာနေကြောင်း ကုန်စုံအရောင်းဆိုင်တချို့က ပြောပြသည်။

“စတက်တုန်းကဆိုရင် ပေါ်ဆန်းမွှေးတွေပဲ ဈေးတက်တာ၊ ဆန်းကြမ်းကမတက်သေးဘူး၊ အခုက ဆန်ကြမ်းပါလိုက်တက်နေပြီ” ဟု ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်အပတ်က မြိတ်စျေးကွက်တွင် ၈၁၆၀၀ ကျပ်ရှိ ပေါ်ဆန်းမွှေး(ရိုးရိုး)တစ်အိတ်လျှင် ၈၆၀၀၀ ကျပ်၊ ၈၅၀၀၀ တန်တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ ဆန်ကြမ်းတစ်အိတ်လျှင် ၅၉၀၀၀ ကျပ်မှ ၆၄၀၀၀ ကျပ်၊ ၆၆၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်အထိ မြင့်တက်လာကြောင်း ကုန်စုံဆိုင်အချို့မှ သိရသည်။

ထို့ပြင် ရွှေဘိုပေါ်ဆန်း(ရှယ်)တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်မှ ၁၁၉၀၀၀ ကျပ်အထိ မြင့်တက်လာကြောင်း ကုန်စုံအရောင်းဆိုင်ရှင် တစ်ဦးက ပြောပြသည်။

“ဆန်ဈေးက မတရားကြီးကို တက်နေတာ ဘာလုပ်ချရမှန်းတောင် မသိတော့ဘူး” ၎င်းက ပြောသည်။

ဆန်ထွက်ရာပင်ရင်းဖြစ်သည့် ဧရာဝတီတိုင်းအတွင်းရှိ ရွှေဘို၊ မြောင်းမြ စသည့်ဒေသတို့တွင် ဝယ်ယူရသည့် ဈေးနှုန်းမြင့်တက်နေသဖြင့် ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း ထားဝယ်နှင့် မြိတ်မြို့တို့ရှိ ဆန်အရောင်းအဝယ် လုပ်ကိုင်သူအချို့က ပြောပြသည်။

“ဆန်ထွက်တဲ့ ဧရာဝတီတိုင်းမှာ ရွှေဘိုပေါ်ဆန်းဆိုရင် အထိုင်ဈေးက ၁၀၅၀၀၀ ကျပ်ဖြစ်နေတယ်၊ ဒါတောင် စရိတ်စက မပါသေးဘူး” ဟု မြိတ်မြို့ရှိ ဆန်အရောင်းဝယ် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ယင်းအပြင် ယခုနှစ်တွင် ဆန်ဝယ်ယူရာ၌ အခက်အခဲအချို့ ကြုံတွေ့ရကြောင်း ဆန်အရောင်းအဝယ်လုပ်ကိုင်သူအချို့က ဆိုသည်။

“ဒီနှစ်မှာ ဆန်ဝယ်ရင် ခဏနေဦး၊ မရသေးဘူးနဲ့ အဆင်ပြေတာသိပ်မရှိဘူး” ဟု အသက် ၅၀ နှစ်ရှိ ဆန်အရောင်းအဝယ် လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဆန်ဈေးနှုန်းများ မြင့်တက်လာသဖြင့် ထမင်းဟင်းရောင်းချသည့်ဆိုင်များ အခက်အခဲဖြစ်နေကြောင်း သိရသည်။

“ဆန်ဈေးက တစ်နေ့တစ်ဈေးဖြစ်နေလို့ ဆယ်အိတ်တန် ဆယ်အိတ်ကြိုဝယ်ထားရတယ်၊ ခုဆိုထမင်း‌တစ်ပွဲ လေးရာကနေ ငါးရာတင်ရောင်းမှ ရတော့မယ်” ဟု ထမင်းဟင်းရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

ဆန်ဈေးအပြင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန့်တီခြောက် စသည့် ပြည်တွင်းထွက် ကုန်စည်အချို့ ဈေးမြင့်တက်နေကြောင်း မြိတ်ကုန်စည်ဈေးကွက်မှ သိရသည်။

“ဆန်တစ်ပြည် ၃၀၀၀ ကျော်တယ်။ ဈေးကျရင် တစ်ရာနှစ်ရာပဲကျတယ်။ ကျတာလည်း ခဏပဲ၊ ခုပြန်တက်ပြန်ပြီ၊ ဒီထက် ထပ်တက်ရင် ထမင်းတစ်နပ်လျော့စားရမယ့်ကိန်း ဆိုက်နေပြီ” ဟု အသက် ၅၀ နှစ်ကျော်ရှိ မြိတ်မြို့နေသူ တစ်ဦးက ပြောသည်။

မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီး နှစ်နှစ်‌ကျော်အချိန်ကာလ၌ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်ဈေးနှုန်းမှာ အမျိုးအစားပေါ် မူတည်ပြီး နှစ်ဆမှ လေးဆနီးပါးအထိ မြင့်တက်လာခဲ့သည်။