သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာမှ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်

0
2119

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာက အသက် ၂၂ အရွယ် အမျိုးသားတစ်ဦး မနေ့(ဧပြီ ၂၅) ညနေပိုင်းက ဥတ္တူတံတားကို ဖြတ်လျောက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားအချို့က ပြောသည်။

ဥတ္တူတံတားမှာ ထားဝယ်-မြိတ်ကားလမ်း‌ပေါ်တွင်တည်ရှိပြီး သားကြီး(‌ခ) ကိုဇာနည်ထွေးကို စစ်ကောင်စီတပ်ဖွဲ့က လှမ်းခေါ်ရာ မလာသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

“သေတော့ မသေဘူး၊ ထားဝယ်ဆေးရုံမှာ၊ ခြေထောက်ကို ပစ်ချိုးတာလို့ပြောတယ်” ဟု သရက်နှစ်ခွရွာက အမျိုးသားတစ်ဦးက ပြောသည်။

ပစ်ခတ်ပြီးနောက် စိတ်မနှံ့သူမှန်းသိသဖြင့် မြတ်ပါရမီ အရေးပေါ်လူနာတင်ယာဉ်ကို ဖုန်းဆက်ခေါ်ပေးပြီး ဆေးရုံပို့ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ပြီးခဲ့သည့် ၄ ရက်ခန့်ကလည်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာအုပ်စု၊ ကျုံးဂဏန်းရွာသား ကိုမျိုးဦးဆိုသူ ပစ်ခတ်ခံရပြီး လက်မောင်းနှင့် ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေသည်ဟု ဒေသခံအချို့က ပြောသည်။

ကိုမျိုးဦးမှာ ကျုံးဂဏန်းရွာနှင့် လောင်းလုံး သွားရာလမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့သည် ဆိုခြင်းကိုမူမသိရပေ။