လောင်းလုံးတွင် ရဲအငြိမ်းစားနှင့် စစ်မှုထမ်းဟောင်းအပါဝင် အမျိုးသားသုံးဦးပစ်သတ်ခံရ

0
2573

လောင်းလုံးမြို့နယ်ရှိ ကျေးရွာသုံးရွာတွင် ရဲဝန်ထမ်းအငြိမ်းစားတစ်ဦးနှင့် စစ်မှုထမ်းဟောင်းတစ်ဦးအပါအဝင် အမျိုးသားသုံးဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

သာယာကုန်းကျေးရွာတွင် ဧပြီလ ၂၃ ရက်နေ့ ညတွင် အသက် ၆၃ နှစ်အရွယ်ရှိ ရဲဝန်ထမ်းအငြိမ်းစား ဦးလှကြိုင်ဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံတစ်ဦးကပြောသည်။

“သူအိမ်နဲ့ တစ်အိမ်ကျော်လမ်းမမှာ ညာဘက်နားထင် သေနတ်ဒဏ်ရာနှစ်ချက်နဲ့ သေဆုံးနေတယ်” ဟု ၎င်းက ဆိုသည်။

ယင်းနောက် ကမြောကြီးရွာတွင်လည်း အသက် ၄၀ ကျော်အရွယ်ရှိ ဦးအေးခိုင်ဆိုသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အထက်ပါအမျိုးသားနှစ်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကိုမူ မသိရသေးပေ။

ဧပြီ ၂၁ ရက် ညနေပိုင်းကလည်း လောင်းလုံးမြို့နယ် ကျောက်ပုံရွာတွင် စစ်မှုထမ်းဟောင်းတစ်ဦး ပစ်သတ်ခံရသည်။

၎င်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ပစ်သတ်ခံရသူမှာ ကိုယ်ပိုင်အမှတ် တ-၃၂၁၂၃၂ ဒုတပ်ကြပ် ဇော်လင်းဖြစ်ပြီး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လောင်းလုံးတွင် သုံးရက်အတွင်း ပစ်သတ်ခံရမှုကြောင့် အမျိုးသား သုံးဦးသေဆုံးခဲ့သည်။