ထားဝယ်ခရိုင်တွင် ကျေးရွာအချို့ ရေအခက်အခဲဖြစ်

0
2098
ဓာတ်ပုံ - M surveillance

ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာအချို့တွင် ဧပြီလ ပထမပတ်ကစပြီး ရေတွင်းများ ရေခန်းခြောက်လာကြသည့်အတွက် ရေအခက်အခဲဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။

လောင်းလုံးမြို့နယ်ရှိ ဝေဒီရွာ၊ မြောင်းပေါက်ရွာ၊ ပန်းဒလဲရွာစသည့်ကျေးရွာများရှိ ရေတွင်းများတွင် ရေထွက်ရှိမှု နည်းလာနေပြီဖြစ်ကြောင်း ဝေဒီရွာသူတစ်ဦးက ဆိုသည်။

“ကျွန်မတို့ဘက်ပိုင်းကတော့ နည်းနည်းရှိသေးတယ်။ (ဝေဒီရွာ) ကမ်းနားဘက်ပိုင်းကတော့ လုံးဝမရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာတွင် ရေတွင်း ရေခန်းခြောက်လာသည့်အတွက် သောက်ရေရရှိရန် ဘုန်းကြီးကျောင်းက ရေတွင်းကရေကိုသွားရောက်သယ်ယူနေကြရသည်ဟု ပန်းဒလဲရွာသူတစ်ဦးကပြောဆိုသည်။

“ရွာထဲမှကျတော့ ချိုးရေပဲ ရတော့တယ်။ သောက်ရေကျတော့ ကျောင်းမှာ သွားခပ်နေရတာပေါ့နော်” ဟု ၎င်းက ပြောသည်။

ထို့အ‌တူ ထားဝယ်မြို့နယ်ရှိ ကဒင်ဝရွာ၊ ကနိုင်းဒါကျေးရွာအနီးရှိ ပတ်ဝန်းကျင် ကျေးရွာများတွင်လည်း ရေအခက်အခဲ ဖြစ်နေကြပြီဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

“အခု ကျွန်နော်တို့ သွားလှူပေးတာ နှစ်နေရာပေါ့နော်။ ရေလုံးဝပြတ်နေတဲ့အနေထားရှိနေတယ်” ဟု အဆိုပါအဖွဲ့၏ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။

ထို့ကြောင့်ယခုနှစ် ထားဝယ်ခရိုင်ထဲတွင် ရေပြတ်လပ်မှုဖြစ်ပေါ်လာပါက ဇမ္ဗူသီရိအဖွဲ့ထံ အကူအညီတောင်းခံနိုင်ကြောင်း ၎င်းက ပြောဆိုသည်။