မွန်အကျဉ်းထောင်များက အကျဉ်သားနှစ်ရာကျော်ပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသားမပါဟုဆို

0
2181

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ နှစ်ရာကျော် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့ ဧပြီလ ၁၇ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း အကျဉ်းထောင်က ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ပြန်လွတ်လာသူများအနက် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ ၂၁ ဦး၊ မော်လမြိုင်အကျဉ်းထောင်မှ ၁၇ ဦး၊ သထုံအကျဉ်းထောင်မှ ၂၅ ဦးအပါအဝင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၂၂၄ ဦး ပါဝင်သည်ဟု အကျဉ်းထောင်များထံမှ သိရသည်။

မွန်ပြည်နယ်အတွင်းက လွတ်မြောက်လာသည့် အကျဉ်းသား၊ အကျဉ်းသူများထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိကြောင်း နိုင်ငံရေးအကျဉ်သားများအရေး ကူညီလုပ်ဆောင်နေသူတို့က ဆိုသည်။

“ဒီနေ့ လွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့တော့ သိထားတယ်” ဟု နိုင်ငံရေးအကျဉ်သားများအရေး ကူညီလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

ဧပြီလ ၁၇ ရက်နေ့တွင် ကျရောက်သည့် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတဝှမ်း အကျဉ်းကျခံနေရသည့် အကျဉ်းသား၊ အကျည်းသူ ၃၀၁၅ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ခဲ့သည်။

လွတ်မြောက်လာသူများအနေဖြင့် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာစသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၂၁၃၄၈ ဦးရှိပြီး ၎င်းထဲတွင် ၁၇၄၆၀ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရသည်။