ရေး ဇီးဖြူသောင်အုပ်ချုပ်ရေးမှူးရုံးကို ဝင်တိုက်၊ ပြည်သူ့စစ် ၂ ဦးရှင်းလင်းနိုင်ခဲ့ဟုထုတ်ပြန်

0
2327

မွန်ပြည်နယ်၊ ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ် ၂ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံးကို ရေးပြောက်ကျားတပ်ဖွဲ့ YGF တို့က ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ရှင်းလင်နိုင်ခဲ့သည့်အပြင် AK ရိုင်ဖယ် သေနတ် ၂ လက်လည်း သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့သော် ယင်းတိုက်ခိုက်မှုတွင် အုပ်ချုပ်ရေးမှူးရုံးတွင် ရောက်ရှိနေသည့် အသက် ၁၄ နှစ်အရွယ် မောင်ငြိမ်းခန့်ကျော်ဆိုသည့် အရပ်သား ၁ ဦးလည်း သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အုပ်ချုပ်ရေးမှူးရုံးကို ဟိုကဝင်ပစ်တဲ့ချိန်မှာ အဲကောင်လေးက အဲရုံးမှာရှိနေတယ်။ အဲမှာ ပစ်ခံထိသွားတယ်” ဟု ဇီးဖြူသောင်ဒေသခံတစ်ဦးက ပြောသည်။

အရပ်သား ပစ်ခတ်ခံရပြီး သေဆုံးသွားမှုနှင့်ပတ်သက်ပြီး ရေးပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ဗိုလ်ကျန်ရစ်ကတော့ အနူးအညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ရေးပြောက်ကျားတပ်ဖွဲ့အနေဖြင့် မစ်ရှင်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ဝေးဝေးနေပေးကြရန်လည်း ဗိုလ်ကျန်ရစ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီယာဥ်တန်းများ၊ ဌာနဆိုင်ရာရုံးများ၊ အုပ်ချုပ်ရေးမှူးရုံးများကို မကြာခဏဝင် ရောက်တိုက်ခိုက်လေ့ရှိသည်။

ယင်းတိုက်ခိုက်မှုဖြစ်စဥ်များအတွင်း စစ်ကောင်စီတပ်သားများ၊ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ သေဆုံးမှုအပြင် အရပ်သား ထိခိုက်သေဆုံးမှုအချို့လည်း ရှိခဲ့သည်။