ပဉ္စသီမော်ရွာသူတစ်ဦး ပစ်သတ်ခံရ

0
2115

လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာအုပ်စု၊ ပဉ္စသီမော်ရွာသူတစ်ဦး ဧပြီလ ၁၂ ရက် နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဒေသခံများကပြောသည်။

ပစ်သတ်ခံရသူမှာ အသက် ၅၀ ဝန်းကျင်ခန့်အရွယ်ရှိ ဒေါ်ရီဝင်းဆိုသူဖြစ်ပြီး ယင်းအမျိုးသမီးမှာ ဥယျာဉ်ခြံထဲ၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“သေနတ်ဒဏ်ရာက လေးချက်လောက်ရှိတယ်”ဟု ၎င်းဒေသခံကပြောသည်။

သေဆုံးသူအမျိုးသမီးကို မည်သူတို့က မည့်သည့်အကြောင်းရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကိုမူ မသိရသေးပေ။

သေဆုံးသူအမျိုးသမီးသည် အာဏာမသိမ်းခင်က ၎င်း၏ မိဘနှစ်ပါးကို ကိုယ်ထိလက်ရောက်စော်ကားမှုကြောင့် အချုပ်ကျခဲ့ဖူးသည်ဟု ဒေသခံအချို့ကပြောသည်။

” မိဘအရင်းလက်ကို ရိုက်ချိုးတာ အဝတ်ဘီရိုနဲ ဖိသတ်တာ အဲလောက်ထိတောင်လုပ်တယ်” ဟု အခြားဒေသခံတစ်ဦးကပြောသည်။

၎င်း၏ရုပ်အလောင်းကို ‌ဧပြီလ ၁၂ ရက် မွန်းလွဲပိုင်းက အရေးပေါ်ကားဖြင့် လာရောက်တင်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။