ထိုင်းနိုင်ငံတွင်း ‌လေထုညစ်ညမ်းမှုဆိုးဝါးလာသည်ကို ဖြေရှင်းရန် မြန်မာနှင့်လာအိုထံ အကူအညီတောင်းခံ

0
2122

ထိုင်းနိုင်ငံ၏ နာမည်ကျော် ခရီးသွားနေရာအချို့တွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာနေမှုကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးသည့်အဆင့်များ ဝိုင်းဝန်းဆောင်ရွက်ပေးပါရန်  မြန်မာနှင့် လာအို ခေါင်းဆောင်များကို ထိုင်းအစိုးရက တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် လာအိုနိုင်ငံ ဝန်ကြီးချုပ် ဆုန်စေး ဆီဖန်တုန် နှင့် မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ဧပြီလ (၇)ရက်နေ့က လက်ခံတွေ့ဆုံခဲ့ပြီးနောက် ယခုလို နယ်စပ်ဖြတ်ကျော် ဖြစ်ပေါ်နေသည့် မီးခိုးမြူအန္တရာယ်ကို ကိုင်တွယ် ဖြေရှင်းရန် အစီအမံများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ အနုချာ ဘူရာပါချိုင်စရီ က ထုတ်ပြန်သည်။

ဘန်ကောက်နှင့် ထိုင်းနိုင်ငံတွင်း အခြားသော မြို့ကြီးများမှာ မကြာသေးမီနှစ်များအတွင်း လေထုအရည်အသွေးညံ့ဖျင်းမှုကို ဆက်တိုက် ကြုံတွေ့နေရသည်။

စိုက်ပျိုးမြေ မီးရှို့မှု၊ တောမီးနှင့် မော်တော်ယာဉ်မှ ဓာတ်ငွေ့ထုတ်လွှတ်မှု ပိုမိုများပြားလာခြင်းကြောင့် ဒီဇင်ဘာမှ ဧပြီလအထိ၊ ပူပြင်းခြောက်သွေ့သောရာသီတွင် အဆိုပါ လေထုညစ်ညမ်းမှုသည် ပိုမိုဆိုးရွာလာခဲ့သည်။

ထို့ကြောင့် ယခု ၂၀၂၃ခုနှစ် အစောပိုင်းမှ စတင်ကာ ယင်းလေထုညစ်ညမ်းမှုကြောင့် နိုင်ငံတွင်း လူပေါင်း နှစ်သန်းကျော် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ကြုံတွေ့ခံစားနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

“ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အချင်းချင်း ပူးပေါင်းကူညီကြဖို့ လိုအပ်ပါတယ်” ဟု ပရာယွတ်က ဒေသတွင်း ခေါင်းဆောင်နှစ်ဦးနှင့် အစည်းအဝေးတွင်း ပြောကြားခဲ့သည်။

မြူမှုန်ဖုံးလွှမ်းမှု အလွန်ပြင်းထန်ခြင်းကြောင့် ပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည့်အပြင် ဤသို့ လေထုညစ်ညမ်းမှုသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ဝင်ငွေများကိုပါ ခြိမ်းခြောက်နေဟန် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း လေထုအရည်အသွေး ပိုမိုဆိုးရွားလာခြင်းသည် စိုက်ခင်းများ မီးရှို့ခြင်းနှင့် ခြောက်သွေ့သော ရာသီဥတု အခြေအနေများကြောင့် မြူမှုန်များကို ဆင့်ပွားဖြစ်ပေါ်စေသည့် ဧရိယာများ ကျယ်ပြန့်လာခြင်းကြောင့်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ၊ လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ပင်းဆက်ခ် ဆူရာစ်ဝဒီ က ပြောကြားခဲ့သည်။

လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံများတွင် ယေဘုယျအားဖြင့် ဤကဲ့သို့ လေထုညစ်ညမ်းမှုကို ဆင့်ပွားဖြစ်စေသည့် အဝန်းအဝိုင်းများသည် ၂၀၂၃ခုနှစ် ၊ ဇန်နဝါရီ ၁ ရက်မှ ဧပြီလ ၅ ရက်အတွင်း ၉၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

ကမ္ဘာလှည့်ခရီးသွားများကြား ရေပန်းစားသော ခရီးသွားလာရေးဇုန်များဖြစ်သည့် ထိုင်းနိုင်ငံမြောက်ပိုင်း ၊ ချင်းမိုင်နှင့် ချင်းရိုင်ဒေသများ၏ လေထုအရည်အသွေးကို ကျန်းမာရေးနှင့်မညီညွတ်သော ၊ အန္တရာယ်ရှိ အဆင့်အဖြစ် သောကြာနေ့တွင်  သတ်မှတ်ခဲ့သည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း တောမီးလောင်ကျွမ်းမှုဒဏ်ကိုပါ ဆက်တိုက် ကြုံတွေ့ခဲ့ရသည့် အဆိုပါ ဒေသများတွင်း လေထု တစ်ကုဗမီတာလျှင် ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် PM 2.5 အမှုန်များကို ၂၅၀ မိုက်ခရိုဂရမ်ကျော် ပမာဏအဖြစ် တွေ့ရှိရကြောင်း  IQAir ၏ အချက်အလက်များအရ သိရသည်။

Reference

●       Bloomberg

●       The Business Times