တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2246

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၂၆ ရက်နေ့ မှ ဧပြီလ ၁ ရက်နေ့အထိ

NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းခံရ၊ ပြည်သူရှိသမျှ ပါတီရှိမယ်လို့ NLD တုံ့ပြန်

ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင် မှတ်ပုံပြန်မတင်တဲ့ တည်ဆဲနိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပါတယ်။

စစ်ကောင်စီဟာ NLD ပါတီကို ဖျက်ဆီးဖို့ ရည်ရွယ်ချက် ရှိရှိလုပ်ခဲ့တာဖြစ်ပြီး NLD အနေနဲ့ကတော့ ပြည်သူလူထု အဆုံးအဖြတ်ကိုသာ ခံယူတာဖြစ်လို့ ပြည်သူရှိနေသမျှ ပါတီဆက်ရှိနေမယ်လို့ တုံ့ပြန်ထားပါတယ်။

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံဘူးလို့ NLD က ဆန့်ကျင်ကန့်ကွက်နေချိန်မှာပဲ NLD ကို နိုင်ငံရေး ကနေ ဖယ်ထုတ်ဖို့အတွက် စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို အသစ်ပြဋ္ဌာန်းလိုက်ပါတယ်။

အဲဒီဥပဒေသစ်အရ ဥပဒေပြဋ္ဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်းမှာ လက်ရှိတည်ဆဲပါတီတွေဟာ မှတ်ပုံပြန်တင်ရတာပါ။ မတင်ရင် ပါတီ အလိုအလျောက် ဖျက်သိမ်းခံရမယ်လို့ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

ရက် ၆၀ ဟာ မတ်လ ၂၈ ရက်မှာ ပြည့်မြောက်ပြီး ပြန်လည်မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီ ၄၀ ကို မတ်လ ၂၉ ရက်ကနေ စတင်ဖျက်သိမ်းတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက် ညမှာ ကြေညာလိုက်တာပါ။

NLD ပါတီဘက်ကတော့ စစ်ကောင်စီဟာ တည်ဆဲဥပဒေတွေကို ချိုးဖောက်ထားပြီး တရားဝင်မှုမရှိတဲ့အတွက် ပြည်သူလူထုကို ကိုယ်စားပြုမှု မရှိသလို သူတို့ လုပ်တာတွေကလည်း တရားဝင်မှုမရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ပါတီ ဖျက်သိမ်းတာ၊ အတည်ပြုတာတွေ လုံးဝ လုပ်ပိုင်ခွင့်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

စစ်အစိုးရလက်ထက် ၂၀၁၀ မှာလည်း NLD က ပါတီမှတ်ပုံပြန်မတင်လို့ ဖျက်သိမ်းခံခဲ့ရတဲ့အတွက် အခုဆိုရင် နှစ်ကြိမ်မြောက် ဖျက်သိမ်းခံရတာပါ။

NLD လိုပဲ ပါတီမှတ်ပုံ ပြန်မတင်တဲ့အတွက် ဖျက်သိမ်းခံရတဲ့အထဲမှာ အထင်ကရပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS တို့လည်း ပါဝင်ပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို တရားဝင် အသိအမှတ်မပြုလိုတဲ့အတွက် ပါတီတွေက မှတ်ပုံ ပြန်မတင်ကြတာလည်း ဖြစ်ပါတယ်။

တည်ဆဲနိုင်ငံရေးပါတီ ၉၀ ရှိတဲ့အထဲက ပါတီ ၅၀ ကတော့ မှတ်ပုံ ပြန်တင်ခဲ့ကြပါတယ်။ ပါတီသစ်ကတော့ ၁၃ ခု မှတ်ပုံတင်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ပါတီတွေ ဖျက်သိမ်းခံရတာနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စစ်ကောင်စီကို ပြစ်တင်ဝေဖန်နေကြပြီး မတည်ငြိမ်မှုကို ပိုမိုကြီးထွားလာနိုင်တယ်လို့လည်း ထောက်ပြကြပါတယ်။

……………………………………

ပါတီ ၄၀ ရဲ့ ပိုင်ဆိုင်မှုတွေ အသိမ်းခံရနိုင်လား

ဖျက်သိမ်းခံရတဲ့ ပါတီတွေရဲ့ ပိုင်ဆိုင်မှုတွေလည်း သိမ်းဆည်းခံရမည့် အခြေအနေရှိနေပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ပါတီကို ဖျက်သိမ်းရင် ဒါမှမဟုတ် ပယ်ဖျက်ခံရရင် ပါတီပိုင်ပစ္စည်းတွေကို နိုင်တော်အစိုးရကို အပ်နှံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့် မှတ်ပုံပြန်မတင်လို့ ဖျက်သိမ်းခံရတဲ့ နိုင်ငံရေးပါတီ ၄၀ ရဲ့ ပိုင်ဆိုင်မှုတွေလည်း အသိမ်းခံရနိုင်တဲ့ အနေအထားမှာ ရှိနေတာပါ။

ရွေးကောက်ပွဲကို လက်မခံတဲ့ အဲဒီပါတီတွေအပေါ် စစ်ကောင်စီက ဖိနှိပ်မှုတွေလည်း လုပ်လာနိုင်တယ်လို့ ထောက်ပြကြပါတယ်။

ပါတီဖျက်သိမ်းကြောင်း ကြေညာပြီး နောက်တစ်ရက်မှာပဲ ရန်ကုန်မှာရှိတဲ့ NLD ပါတီ ဌာနချုပ်ရှေ့ကို စစ်ကောင်စီတပ် ကား ၁၀ စီး ရောက်ရှိလာပြီး အင်းအားပြခြိမ်းခြောက်ခဲ့တယ်လို့ Myanmar Now သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ၄ ရပ်ကွက်က NLD ပါတီရုံးဆိုင်းဘုတ်ကိုလည်း မတ်လ ၃၁ ရက်မှာ စစ်ကောင်စီဘက်က လာရောက်ဖြုတ်ယူခဲ့ပါတယ်။

……………………………………

ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူ တစ်ထောင်ကျော်ရှိလာပြီ

စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံရသူ တစ်ထောင်ကျော်ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်အထိ ကောက်ယူရရှိထားတဲ့ စာရင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂ နှစ်ကျော်ကာလအတွင်း ဖမ်းဆီးခံရသူ တစ်သောင်းခုနစ်ထောင်ကျော်ရှိပြီး အဲဒီထဲက ၁၀၇၀ ဦးဟာ ဖမ်းဆီးခံရပြီးနောက်မှာ သတ်ဖြတ်ခံလိုက်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတ်ဖြတ်ခံရသူထဲမှာ အမျိုးသား ၉၂ ရာခိုင်နှုန်းကျော်ရှိတယ်လို့ဆိုပါတယ်။ နေရာဒေသအလိုက်ဆိုရင် စစ်ကိုင်းတိုင်းမှာတော့ ၅၉၄ ဦး သတ်ဖြတ်ခံပြီး တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ်ပါတယ်။ ပြီးတော့ မန္တလေးတိုင်းက ၁၁၉ ဦး၊ မကွေးတိုင်းက ၁၀၁ ဦးနဲ့ အစဉ်လိုက် အများဆုံး ပါဝင်နေပါတယ်။

……………………………………

တိုက်ပွဲပြင်းထန်ပြီး ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

ထိုင်း-မြန်မာ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် လမ်းတစ်လျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့အတွက် ကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်သွားခဲ့ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ PDF ပူးပေါင်းတပ်တွေက မတ်လ ၂၅ ရက်မှာ စစ်ကောင်စီတပ်တွေကို စတင်ဝင်ရောက်တိုက်ခိုက်တာ ဖြစ်ပါတယ်။

ကျုံဒိုးမြို့ ရဲစခန်းကို စတင်ဝင်ရောက်တိုက်ခိုက်ပြီး တစ်ပြိုင်နက်တည်းမှာပဲ မြဝတီကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင် ရဲစခန်းတို့ကိုပါ တိုက်ခိုက်ခဲ့တာပါ။ အဲဒီနေ့ မနက်ပိုင်းမှာပဲ မြဝတီမြို့က ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား တွေကို မြန်မာဘက်က ပိတ်လိုက်ပါတယ်။

ဂျိုင်းမြစ်ကူးတံတား၊ ကော့ကရိတ်မှာရှိတဲ့ ကရင်ပြည်နယ် နယ်ခြားစောင့် BGF တပ်စခန်းကို တိုက်ခိုက် မီးရှိုႈ႕ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်ရင်း တပ်စခန်းတွေကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

မြဝတီ ကုန်သွယ်ရေးဇုန်ထဲက အဆောက်အအုံအချို့ မီးလောင်ပျက်စီးပြီး X-ray စက်လည်း မီးရှို့ဖျက်ဆီးခံခဲ့ ရပါတယ်။

မတ်လ ၂၅ရက်နဲ့ ၂၆ရက် နှစ်ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ဦးသေဆုံးပြီး ဒဏ်ရာရသူလည်း များပြားခဲ့ တယ်လို့ ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ ပူးပေါင်းတပ်တွေဘက်တော့ သုံးဦးကျဆုံးတယ်လို့ ဆိုပါတယ်။

၂၇ ရက်အထိ တိုက်ခိုက်တာတွေ ရှိနေဆဲဖြစ်ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက် လက်နက်ကြီး ပစ်ခတ်မှုတွေ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ချစ်ကြည်ရေးတံတားကို မတ်လ ၂၅ ရက်မှာပဲ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် လမ်းတစ်လျှောက် စစ်ရေးတင်းမာနေဆဲ ဖြစ်တဲ့အတွက် ကုန်သွယ်ရေး မလုပ်နိုင်ဘဲ ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့ရပါတယ်။ ထိုင်းနိုင်ငံသား ကားသမားနှစ်ဦးလည်း သေဆုံးပြီး အရပ်သား အချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။ တိုက်ပွဲကြောင့် ကျုံဒိုးမှာ စစ်ဘေးရှောင် ခြောက်ထောင်ကျော်အထိ ရှိနေပါတယ်။

……………………………………

KNUနယ်မြေကို အဓိကကိုင်တွယ်ရတဲ့ ကစထမှူးအလဲခံရ၊ တိုင်းမှူးတချို့ အပြောင်းအလဲဖြစ်

စစ်ကောင်စီတပ်စခန်းတွေ မကြာခဏတိုက်ခိုက်သိမ်းယူခံနေရတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေကို အဓိက ကိုင်တွယ်နေရတဲ့ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) အလဲခံလိုက်ရပါတယ်။

ကရင်၊ မွန်၊ တနင်္သာရီတို့ကို ကွက်ကွဲရတဲ့ အမှတ် ၄ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်လှိုင်ကို အရင်အင်အားထဲ ထည့်လိုက်ပြီးတော့ သူ့နေရာမှာ ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေကို ဒုဗိုလ်ချုပ်ကြီး ရာထူးတိုးပေးပြီး အစားထိုးလိုက်ပါတယ်။

KNU နယ်မြေကို ကိုင်တွယ်ရတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးကိုလည်း အရန်အင်အားထဲ ထည့်လိုက်ပါတယ်။ အဲဒီနေရာကို ရန်ကုန်တိုင်းအခြေစိုက် အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်စိုးမင်းကို တိုင်းမှူးရာထူးပေးပြီး အစားထိုးလိုက်တာပါ။

လစ်လပ်သွားတဲ့ ရန်ကုန်တိုင်းမှူးနေရာကိုတော့ နေပြည်တော် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းကို ပြောင်းလဲ တာဝန်ပေးပြီး နေပြည်တော် တိုင်းမှူးနေရာကို အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝေလင်းကို ပြောင်းလဲတာဝန်ပေးလိုက်ပါတယ်။

……………………………………

လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့မှုတွေကြောင့် စစ်ကိုင်း၊ ချင်း၊ ကယားက ပြည်သူတွေ သေဆုံးမှု

ယခုသီတင်းပတ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ၊ စစ်ကြောင်းဝင်ရောက်ပြီးနောက် ရွာကို မီးရှို့တာကြောင့် ချင်း၊ စစ်ကိုင်းနဲ့ ကယား (ကရင်နီ) က ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြရပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့နဲ့ ငါးမိုင်အကွာလောက်မှာရှိတဲ့ ခွာဖိုကျေးရွာဟာ မတ်လ ၃၀ ရက်နေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ကလေးငယ်သုံးဦး အပါအဝင် အရပ်သား ၁၀ဦးထက် မနည်းသေဆုံးခဲ့ပြီး ၂၀ ထက်မနည်းလည်း ဒဏ်ရာရတယ်လို့ ဒေသတွင်းနဲ့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ဂျက်ဖိုင်တာ နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး နေအိမ်တွေ မီးလောင်ပျက်စီးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

နောက်တစ်ခါ ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ဒေါရောက်ခူ ဒုက္ခသည်စခန်းအနီးကိုလည်း မတ်လ ၂၈ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်တိုက်ခဲ့ပါသေးတယ်။ အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီမော့ဆိုမြို့နယ် ဒေါတမကြီးရွာဘက်မှာ စစ်ရေးပြင်းထန်နေပေမယ့် ဒေါရောက်ခူ ဒုက္ခသည်စခန်းအနီးမှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးဘဲ လာရောက်တိုက်ခိုက်တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် အရပ်သား သုံးဦးရပြီး ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။ 

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ဆုံကုန်းရွာက မီးရှို့ခံရတဲ့ဖြစ်စဉ်မှာတာ့ သက်ကြီးရွယ်အို ခုနစ်ဦး သေဆုံးခဲ့ရပါတယ်။

မတ်လ ၂၅ ရက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ကျန်းမာရေးမကောင်း၊ အသက်အရွယ် ကြီးရင့်တာတွေကြောင့် မထွက်ပြေးနိုင်ဘဲ ကျန်ရစ်ခဲ့တဲ့ အမျိုးသားကြီးတစ်ဦးနဲ့ အမျိုးသမီးကြီးခြောက်ဦးတို့ သေဆုံးခဲ့ရတာပါ။

ဒီစစ်ကြောင်းဟာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နောက်တစ်ရက်မှာ ဆုံကုန်းရွာကို ဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ခြေသုံးရာကျော်ရှိတဲ့အနက် မီးရှို့ခံရမှုကြောင့် နေအိမ်ထက်ဝက်ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

……………………………………

ဂျပန် နာမည်ကျော်အမှတ်တံဆိပ် Uniqlo မြန်မာနိုင်ငံကနေ ထွက်ခွာပြီ

နာမည်ကျော် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Uniqlo (ယူနီကလို) အဝတ်အထည်တွေ မြန်မာနိုင်ငံမှာ ချုပ်လုပ်နေတာတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အလုပ်သမားဆိုင်ရာ ပြဿနာတွေ၊ စက်ရုံလည်ပတ်ရာမှာ အခက်အခဲကြုံတွေနေရတာတွေကြောင့် ထွက်ခွာရတာလို့ Nikkei Asia သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

Uniqlo ကို ဂျပန်အထည်ချုပ်ကုမ္ပဏီ Fast Retailing (ဖာစ် ရီတဲလင်း) က ပိုင်ဆိုင်တာဖြစ်ပါတယ်။

ဗြိတိန် နာမည်ကြီး ဖက်ရှင်နဲ့ အဝတ်အထည် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Marks and Spencer (M&S) (မာခ်က် အန် စပန်ဆာ) လည်း အခုမတ်လအတွင်းမှာ မြန်မာနိုင်ငံကနေထွက်ခွာမယ်လို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကြေညာထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာက နာမည်ကြီးလုပ်ငန်းတွေ မြန်မာနိုင်ငံကနေ တစ်စတစ်စ ထွက်ခွာနေကြတာပါ။

……………………………………

NUG၊ PDF၊ EAO တွေကို ခြိမ်းခြောက်စကားဆိုလာတဲ့ စစ်ကောင်စီခေါင်းဆောင်

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအဖွဲ့တွေကို ပံ့ပိုးကူညီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မတ်လ ၂၇ ရက်မှာ ကျရောက်တဲ့ တပ်မတော်နေ့ အခမ်းအနားအမှာ အခုလို ပြောဆိုလိုက်တာပါ။ ဒါကြောင့်လည်း စစ်အုပ်ချုပ်ရေး နေရာတွေကိုတိုးမြှင့် ကြေညာပြီး ကိုင်တွယ်နေတာလို့ ပြောပါတယ်။

တိုက်ခိုက်မှုတွေ လုံးဝရပ်တန့်သွားအောင်လုပ်ဆောင်သွားရမယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌဟာ အရင်ကလည်း ဒီလိုမျိုးမကြာခဏ ပြောဆိုလေ့ရှိတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က တုံ့ပြန်ထားပါတယ်။ 

စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပြီးနောက်ပိုင်းမှာ လက်နက်ကိုင်ခုခံတော်လှန်မှုတွေ နိုင်ငံအနှံ့ပေါ်ပေါက်လာတာပါ။

အာဏာသိမ်းကာလ ၂နှစ်အတွင်းမှာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ၅၇၇ ခုထက်မနည်းရှိလာတယ်လို့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ အခုလိုမပြောခင်ကပင် နိုင်ငံအတွင်း စစ်ရေးအရှိန်မြှင့်တင်ပြီး အကြမ်းပတမ်း လုပ်ဆောင်နေတာ တွေ့ရတယ် ထောက်ပြကြသလို တိုက်ခိုက်မှုတွေ ပိုမိုမြင့်တက်လာပြီး အရပ်သားပြည်သူလူထု ထိခိုက်မှု ပိုများလာနိုင်တယ်လို့လည်း ပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။ 

အာဏာသိမ်း ၂နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်က တိုက်ခိုက်သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ သုံးထောင်နီးပါး သေဆုံးခဲ့ရတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

……………………………………

ထိုင်းနယ်စပ်မှာ ဗျူဟာကျတဲ့ စစ်ကောင်စီရဲ့မယ်ခါးထာ့စခန်း အသိမ်းခံရ

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းဘေးက အကြီးဆုံးစခန်းဖြစ်ပြီး စစ်ရေးဗျူဟာအရလည်း အရေးပါတဲ့ မယ်ခါးထာ့စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေထဲမှာရှိတဲ့ အဲဒီစခန်းကို မတ်လ ၂၈ ရက်မှာ KNLA က ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်လိုက်တာပါ။

စစ်ကောင်စီတပ်အင်အား ၆၀ ၊ ၇၀ ဝန်းကျင်ရှိတဲ့ အဲဒီစခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ တိုက်ပွဲတစ်နာရီလောက် ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က သေဆုံးထိခိုက်တာများပြီး လက်နက်တွေလည်း ရရှိခဲ့တယ်လို့ ပူးပေါင်းတပ်တွေဘက်က ဆိုပါတယ်။

စခန်းကို သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးလိုက်ကြပါတယ်။

မယ်ခါးထာ့စခန်းဟာ နယ်စပ်ထိန်းချုပ်ရာမှာ အရေးပါတဲ့စခန်းဖြစ်ပြီး ထောက်ပို့လမ်းကြောင်းနဲ့ စစ်ရေးအရ အရေးပါတဲ့ နေရာမှာရှိတယ်လို့ ဆိုပါတယ်။

……………………………………

AA၊ NUG၊ PDF တွေနဲ့ မပတ်သက်ဖို့ ရခိုင်အရပ်ဘက်အဖွဲ့တွေကို စစ်ကောင်စီဖိအားပေး

ရက္ခိုင့်တပ်တော် AA၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ မပတ်သက်ဖို့ ရခိုင်ပြည်နယ်က အရပ်ဘက်အဖွဲ့တွေကို ပြည်နယ် စစ်ကောင်စီက ခေါ်ယူသတိပေးခဲ့ပါတယ်။

ငွေကြေးထောက်ပံ့တာ၊ ဆက်သွယ်ပတ်သတ် ကူညီတာတွေ မလုပ်ကြဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက အရပ်ဘက်အဖွဲ့တွေကို မတ်လ ၂၈ ရက်နေ့မှာ ပြည်နယ်အစိုးရအဖွဲ့ရုံးကို ခေါ်ယူပြီးသတိပေးခဲ့တာပါ။

အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဥပဒေအကြောင်း ရှင်းပြဖို့ ခေါ်ယူတွေ့ဆုံရာမှာ လက်နက်ကိုင်တွေနဲ့ ပတ်သက်ရင် ဘယ်လိုအရေးယူခံရမယ်ဆိုတာကို အဓိက ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီပြဋ္ဌာန်းထားတဲ့ နည်းဥပဒေမှာတော့ အဲဒီလို ပတ်သက်ရင် ထောင်ဒဏ် ငါးနှစ်အထိ ချမယ်လို့ ဖော်ပြထားပါတယ်။

NUG ၊ PDF အဖွဲ့တွေကို ငွေကြေးမထောက်ပံ့ဖို့ နာမည်ထုတ်ပြောဆိုခဲ့ပါတယ်။ AA ကိုတော့ နာမည်ထုတ်ပြီး မပြောခဲ့ပေမယ့် အကြမ်းဖက်အဖွဲ့တွေ၊ မတရားအသင်းတွေနဲ့ ပတ်သတ်တာတွေ မလုပ်ဖို့ဆိုပြီး ထည့်သွင်း ပြောဆိုခဲ့တာပါ။

AA ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့ကနေ ဖျက်သိမ်းပေးထားပေမယ့် မတရားအသင်းအဖြစ် ကြေညာထားဆဲဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့တွေ စစ်ကောင်စီဆီမှာ မှတ်ပုံတင်ဖို့၊ ငွေကြေးသုံးစွဲမှုကို သုံးလတစ်ကြိမ် အစီရင်ခံဖို့လည်း ဖိအားပေးခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ဝန်းမှာ အရပ်ဘက် အဖွဲ့တွေကို အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနည်းဥပဒေအတိုင်း လိုက်နာ လုပ်ဆောင်ကြဖို့ စစ်ကောင်စီက ဖိအားပေးတွေ လုပ်ဆောင်နေပါတယ်။

……………………………………