ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2405

ယခုအပတ် ရွှေဈေးမှာ ဈေးတန်းအမြင့်တွင် ငြိမ်နေပြီး ထိုင်းဘတ်ဈေးလည်း အလှုပ်အခတ်နည်းနေသည်။

ရွှေ၊ဘတ်ဈေးမှာ အငြိမ်ဆုံးကာလဟုဆိုနိုင်သည်။

ဓာတ်ဆီဈေးမှာ အလှုပ်အခတ် အနည်းငယ်ရှိခဲ့ပြီး တစ်လီတာလျှင် ကျပ်ဆယ်ဂဏန်းအထိ အပြောင်းအလဲရှိခဲ့သည်၊

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

အလှုပ်အခတ်နည်းသည့် ရွှေဈေး

အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်းဝန်းကျင်သာ အပြောင်းအလဲရှိခဲ့သည့် ကာလဖြစ်သည်။

ယခုအပတ် တနင်္လာနေ့ (မတ်လ ၂၇ ရက်)တွင်မူ တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းတစ်သောင်း (၂၉၁၀၀၀၀ကျပ်) ဖြင့် ဈေးဖွင့်ခဲ့သည်။

နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲနည်းနည်းသာရှိခဲ့ပြီး သောကြာနေ့တွင် နှစ်ဆယ့်ကိုးသိန်းနှစ်သောင်း  (၂၉၂၀၀၀၀ ကျပ်)  ဈေးဖွင့်ထားသည်။

ယခုအပတ်တွင် ထိုင်းဘတ်ငွေဈေးမှာ အငြိမ်ဆုံးကာလဟုပင် ဆိုနိုင်ပေသည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၃ ကျပ်စွန်းစွန်းရှိခဲ့ပြီး နောင်ရက်များတွင်လည်း ယင်းနှုန်းထားအတိုင်းပင် ဈေးဖွင့်ထားသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၉၅ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အတက်အကျရှိသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ နေ့စဉ်အတက်အကျရှိခဲ့ပြီး တစ်လီတာလျှင် ၄၅ ကျပ် အထိ အတက်အကျရှိခဲ့သည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၇၅ ကျပ် မှ ၂၂၂၀ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၇၅ ကျပ်မှ ကျပ် ကျပ် ၃၀၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

ငြိမ်နေသည့်ရွှေဈေးမှာ လာမည့်အပတ်တွင် အပြောင်းအလဲရှိလာနိုင်ပြီး အကျဘက်ရောက်လာနိုင်သည်ဟု ခန့်မှန်းရသည်။

လက်ရှိကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် ၁၉၆၉ ဒေါ်လာစွန်းစွန်းပေါက်ဈေးရှိနေသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၁၉၇၉ ဒေါ်လာဈေးပေါက်ခဲ့သည့်အတွက် ကမ္ဘာ့ရွှေဈေးမှာ အကျဘက်ရောက်နေသည်။

ထိုကြောင့် လာမည့်အပတ်ရွှေဈေးမှာ ကျရိပ်ပြလာနိုင်သော်လည်း ကြီးမားသည့် အပြောင်းအလဲမရှိနိုင်ကြောင်း သုံးသပ်ရသည်။

အလှုပ်အခတ်မရှိသလောက်ငြိမ်ခဲ့သည့် ထိုင်းဘတ်ဈေးမှာ လာမည့်အပတ်တွင်လည်း ဆက်ငြိမ်နေမည့် အနေအထားဖြစ်သည်။

ပြည်တွင်း နိုင်ငံရေးအခြေအနေနှင့် တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ပမာဏမှာ တောက်လျှောက် ကျဆင်းနေသည်။

ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ကျပ်ငွေတန်ဖိုးပြန်တက်မည့် အရိပ်အယောင် မတွေ့ရသေးပေ။

ယင်းသို့ ကုန်သွယ်ရေးပမာဏကျနေခြင်းနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ငွေလဲလှယ်နှုန်းထားမှာ လက်ရှိနှုန်းထားအတိုင်းပင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဆက်ဖွင့်နေမည်ဟု ခန့်မှန်းရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေသော်လည်း ဒေါ်လာငွေလဲနှုန်းမှာ ငြိမ်နေသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၇၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့သည့်အပတ်နှုန်းထားအတိုင်းပင် အတက်အကျမရှိ ဖြစ်နေသည်။

ထိုကြောင့် လာမည့်အပတ် စက်သုံးဆီဈေးနှုန်းမှာ အပြောင်းအလဲနည်းနည်းဖြင့် ဆက်ရှိနေမည်ဟု သုံးသပ်ရသည်။