အန္တရာယ်ရှိ PM2.5 အခြေအနေနှင့်ပတ်သက်၍ ပရာယွတ်အပေါ် စွဲချက်တင်ထားမှု ချင်းမိုင်တရားရုံးပယ်ချ

0
2201

ထိုင်းနိုင်ငံ၏ မြောက်ပိုင်းခရိုင်တွင် လက်ရှိကြုံတွေ့နေရသော အန္တရာယ်ရှိ PM2.5 ဖုန်မှုန့်များ လွှမ်းနေသည့်အပေါ် တာဝန်ပေါ့ဆမှုအတွက် ချင်းမိုင်ဒေသခံပြည်သူအချို့က ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာအား တရားစွဲဆိုခဲ့မှုကို ချင်းမိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေး တရားရုံးက မတ်လ ၃၀ ရက်နေ့တွင် ပယ်ချခဲ့သည်။

သက်ဆိုင်ရာ အစိုးရဌာနများက ဤသို့သော လေထုညစ်ညမ်းနေသည့်အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် စီမံချက်များကို အကောင်အထည် ဖော်နေပြီ ဖြစ်သည့်အတွက် ချင်းမိုင်တရားရုံးအနေနှင့် အဆိုပါ ကြေညာချက်ကို ကိုင်တွယ်စီရင်မည် မဟုတ်ကြောင်း ဆုံးဖြတ်အမိန့်ချခဲ့သည်။

ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ရိတ်သိမ်းပြီးသည့်နောက် ပေါင်းပင်မီးရှို့မှုများ ၊ တောမီးလောင်မှုများ စသည်တို့မှ မီးခိုးငွေ့များကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွင်း ပြည်နယ်များတွင် လေထုညစ်ညမ်းမှုကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။

ယင်းမီးခိုးငွေ့များသည် ဘေးကင်းသောအဆင့်ထက် ကျော်လွန်ကာ အချင်း ၂.၅ မိုက်ခရိုရွန်ထက် သေးငယ်သော ဖုန်မှုန့်များဖြင့် လေထုကို ပြည့်နှက်ညစ်ညမ်းစေသည့်အတွက် အန္တရာယ်ရှိအခြေအနေ ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။

သဘာဝဘေးကာကွယ်ရေးနှင့် လျော့ပါးရေးအက်ဥပဒေ ပုဒ်မ ၃၁ အရ လက်ရှိ PM2.5 အခြေအနေကို ဖြေရှင်းရန်နှင့် ပြည်သူများအတွက် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးရန်အလို့ငှာ အစိုးရဌာနများအား ညွှန်ကြားပေးရန် အတွက် ဒေသခံအချို့က ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ အား တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေထုအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ထိုင်းအစိုးရအဖွဲ့အနေနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အထူးစီမံချက်နှင့်အညီ အစိုးရဌာနများအား ညွှန်ကြားထားပြီးဖြစ်သည်ဟု ချင်းမိုင်တရားရုံးက ဆိုသည်။

ဘေးအန္တရာယ်ကာကွယ်ရေးနှင့် ဘေးသက်ရောက်မှု လျော့ပါးရေးဦးစီးဌာနသည် အဆိုပါ PM2.5 အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း တရားရုံးက မှတ်ချက်ပြုခဲ့သည်။

ထို့အပြင် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် PM2.5 လေထုညစ်ညမ်းမှုကြောင့် ထိခိုက်လာသည့် ဒေသခံပြည်သူများ၏ ကျန်းမာရေးကို စောင့်ကြည့်ရန် အဓိကအစီအမံသုံးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တရားရုံးက ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနသည် ဆူခိုထိုင်း၊ ဖစ်ဆာနူလို့ခ် ၊ တက်ခ် ဒေသများနှင့် ပြည်သူ့ကျန်းမာရေး ဒေသ ၁ နှင့် ၂ များတွင် အရေးပေါ် ဆေးခန်းနှင့် ပြည်သူ့ကျန်းမာရေး ခွဲစိတ်ကုသရေးဌာနများ ဖွင့်လှစ်ထားကြောင်း သိရသည်။ ထို့အပြင် လေထုညစ်ညမ်းမှုဆိုင်ရာ ကျန်းမာရေးအခြေအနေများအတွက် ဆေးကုသခန်းများကို နခွန်ဆာဝါန် ဆေးရုံ၊ ကမ်ဖန်င်ဖက် ဆေးရုံနှင့် ဖိချစ် ဆေးရုံများတွင် ဖွင့်လှစ်ပေးခဲ့သည်။

လေထုညစ်ညမ်းမှု၏ လက်ရှိ အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သော ဆောင်ရွက်ချက်များ ရှိပြီး ယခု ကိစ္စသည် အစိုးရဌာနများ၏ ဖြေရှင်းနိုင်သည့် အတိုင်းအတာတွင်း ရှိနေသေးကြောင်း တရားရုံးက ပြောကြားခဲ့သည်။

အကယ်၍ လေထုအခြေအနေသည် PM2.5 အဆင့်ထက်တက်လာပြီး ပိုမိုဆိုးဝါးလာပါက ၊ အစိုးရအေဂျင်စီများ၏ ဖြေရှင်းနိုင်မှုထက် ကျော်လွန်နေပါက အမျိုးသားသဘာဝဘေးဗဟိုဌာနမှ ညွှန်ကြားရေးမှူးကိုယ်တိုင် ယခုအခြေအနေကို အမျိုးသားသဘာဝဘေးအဖြစ် ကြေညာရန် ဝန်ကြီးချုပ်ထံ အဆိုတင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ၏ PM2.5 အခြေအနေသည် အမျိုးသားသဘာဝဘေးအဖြစ် ကြေညာရန်အထိမပြင်းထန်ကြောင်းနှင့် ထိုင်းဝန်ကြီးချုပ်ကို တရားစွဲဆိုထားသလို တာဝန်ထမ်းဆောင်ရာတွင် ပေါ့ဆခြင်းမရှိနေကြောင်း ချင်းမိုင်ခရိုင် တရားရုံးက ဆုံးဖြတ်ခဲ့သည်။

Reference ● The Star ● The Nation ● Asia News Network