ထိုင်းနိုင်ငံရှိ စက်ရုံတစ်ခုက MOU မြန်မာလုပ်သား တစ်ထောင်ကျော်ကို အလုပ်ထုတ်

0
2894

ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ အီလက်ထရောနစ်စက်ရုံမှ နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့်ဝင်လာသော မြန်မာအလုပ်သမား ၁၀၀၀ ကျော်ကို ယမန်နေ့ (မတ် ၃၀)က စာချုပ်ဖျက်သိမ်းခဲ့ပြီး အလုပ်ထုတ်ခဲ့ကြောင်း စက်ရုံအလုပ်သမားများထံမှ သိရသည်။

စက်ရုံသည် စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ Cal-Comp Electronics စက်ရုံဖြစ်ပြီး မြန်မာအလုပ်သမား ၁၀၆၀ ဦးကို နစ်နာကြေးအနည်းငယ်သာပေး၍ အလုပ်မှ ရုတ်တရက်ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်ထုတ်ခံရသော အလုပ်သမားအများစုသည် မြန်မာအေဂျင်စီများနှင့် တရားဝင်စာချုပ်ချုပ်ကာ MOU စနစ်ဖြင့် ဝင်လာသော အလုပ်သမားများ ဖြစ်ကြပြီး လုပ်သက် ၁ နှစ်ကျော်နှင့် ၁ နှစ်အောက်၊ ၂ လ၊ ၃ လ သာရှိသေးသော အလုပ်သမားများဖြစ်ကြကြောင်း သိရသည်။

“ကျွန်တော်တို့က အမှန်တရားဘက်က လိုချင်တာပါ။ ၂ လ ၃ လသမားလေးတွေ ထုတ်လိုက်တော့အစ်ကိုရာ။ လာတဲ့ စရိတ်တောင် မကျေသေးတဲ့လူတွေလေ။ သူတို့ပေးတဲ့ ၁ လစာ (နစ်နာကြေး) ဆိုတာ အခန်းစပေါ်ခ၊ ရေခ၊ မီးခဖိုးပဲရှိတာ” ဟု အလုပ်ထုတ်ခံလိုက်ရသော ကိုအာကာကျော်က ဆိုသည်။

အလုပ်ထုတ်ခံလိုက်ရသော မြန်မာအလုပ်သမားများအတွက် စက်ရုံဘက်မှ နစ်နာကြေးအဖြင့် လုပ်သက် ၁ နှစ်ဝန်းကျင်သမားများနှင့် ကျန်အလုပ်သမားများကို လုပ်အားခ ၁ လစာခန့်သာ ပြန်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

စက်ရုံဘက်က အလုပ်ထုတ်ရခြင်းအကြောင်းရင်းမှာ မြန်မာနိုင်ငံမှ အလုပ်သမားခေါ်ယူမှုများပြားခဲ့ပြီး စက်ရုံဘက်က ပစ္စည်းအမှာ နည်းပါးလာမှုကြောင့်ဟုဆိုသည်။

ယနေ့တွင်လည်း နောက်ထပ် မြန်မာအလုပ်သမားများကို အလုပ်ထုတ်မည့်သတင်းများ ကြားနေရကြောင်း မြန်မာအလုပ်သမားများက ပြောကြားခဲ့သော်လည်း အတည်ပြု၍ မရသေးပေ။

 အလုပ်သမား ၁၀၀၀ ကျော်ကို အလုပ်ထုတ်ခဲ့သော နေ့တွင် ဆူပူမှုဖြစ်မည်စိုးသဖြင့် စက်ရုံအတွင်းသို့ ထိုင်းအာဏာပိုင်များ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များကို လက်ကိုင်တုတ်များဖြင့် ခေါ်ထားခဲ့ပြီး အလုပ်သမားများကိုလည်း အလုပ်သမားရေးလှုပ်ရှားသော အဖွဲ့စည်းများထံသို့ ဆက်သွယ်ခွင့် မပေးထားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အလုပ်ထွက်စာ၊ နစ်နာကြေးများပေးပြီးဖြစ်သဖြင့် အလုပ်ပြန် မရနိုင်တော့ဘဲ အလုပ်လက်မဲ့ဖြစ်နေပြီး နစ်နာကြေးပိုမိုရရှိရန်အတွက် ကူညီဆောင်ရွက်ပေးကြရန် အလုပ်သမားအရေး လှုပ်ရှားနေသော အဖွဲ့အစည်းများထံသို့ တောင်းဆိုထားခဲ့သည်။