တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2361

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ် ၂၅ ရက်နေ့မှ မတ် ၃၁ ရက်နေ့အထိ

သမ္မတဟောင်း Trump ကို ရာဇဝတ်မှုနဲ့ တရားစွဲ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို နယူးယောက်ပြည်နယ် တရားရုံး ဂျုရီအဖွဲ့တဖွဲ့က ရာဇဝတ်မှုနဲ့ တရားစွဲလိုက်ပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံမှာ သမ္မတဟောင်း တစ်ဦးကို ရာဇဝတ်မှုနဲ့ တရားစွဲတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

လိင်ဖျော်ဖြေရေး မင်းသမီး Stormy Daniels ကို ထရမ့်ရဲ့ ရှေ့နေဖြစ်သူက ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့တာနဲ့ ဆက်နွယ်ပြီး တရားစွဲခံရတာပါ။

၂၀၁၆ ရွေးကောက်ပွဲ မတိုင်ခင်လေးမှာ နှုတ်ပိတ်ခအနေနဲ့ ပေးခဲ့တာလို့ စွပ်စွဲထားပါတယ်။

ထရမ့်ဘက်ကတော့ ငွေပေးချေမှုတွေက ငွေညှစ်ခံရတာကို ကိုယ်စားပြုတယ်လို့ ဆိုထားပြီး သူ့လုပ်ရပ်က မှားယွင်းမှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

သမ္မတဟောင်း တစ်ဦးက ရာဇ၀တ်မှုနဲ တရားစွဲခံရခြင်းမရှိတဲ့ အမေရိကန်သမိုင်းမှာ ဒေါ်နယ်ထရန့်က ပထမဆုံးဖြစ်လာမှာပါ။

Ref: BBC

………………………………..

အိန္ဒိယက ဘုရားကျောင်းတစ်ခုမှာ လူတွေရပ်နေတဲ့ ရေတွင်းအဖုံး ပြိုကျလို့ အနည်းဆုံးလူ ၃၅ ဦးသေဆုံး

အိန္ဒိယနိုင်ငံက ဟိန္ဒူဘုရားကျောင်းတခုမှာ လူတွေရပ်နေတဲ့ ရေတွင်းထဲ ပြုတ်ကျကြလို့ လူ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နောက်ထပ် လူ ၁၉ ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ ၂ ဦးက သေဆုံးသွားခဲ့တာပါ။
မတ်လ ၃၀ ရက်နေ့က မက်ဒ်ဟယာ ပရာဒက်ရှ် ပြည်နယ်က ဘုရားကျောင်း တစ်ခုမှာ ဝတ်ပြုလာသူတွေက လေးထောင့်ပုံ ရေတွင်းပေါ် ဖုံးထားတဲ့ အကာပေါ် တက်ရပ်မိခဲ့ကြတာပါ။

တက်ရပ်မိတဲ့အချိန် ပြိုကျလို့ ၃၅ ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကာ ၁၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဘုရားကျောင်းက ရေတွင်းပေါ်မှာ ဘာကြောင့် လူတွေ စုဝေးခွင့် ပြုခဲ့သလဲ ဆိုတာနဲ့ အဖုံးအကာရဲ့ ကြံ့ခိုင်မှုကို ဘာကြောင့် မစစ်ဆေးသလဲ ဆိုတာရယ်ကိုတော့ ရဲတွေက စုံစမ်းနေကြပါတယ်။

ပြည်နယ် အစိုးရကတော့ မတော်တဆ သေဆုံးသူတွေအတွက် ကျန်ရစ်သူ မိသားစုဝင်တွေကို နစ်နာကြေး ပေးအပ်သွားမယ်လို့ ကြေညာထားပါတယ်။

Ref: CNN

………………………………..

အမေရိကန်ကို ထွက်ပြေးခိုလှုံနေသော ဘရာဇီးသမ္မတဟောင်း နေရပ်တိုင်းပြည်ပြန်လာ

ဘရာဇီးလ်နိုင်ငံရဲ့ သမ္မတဟောင်း ဂျယဲ ဘော်လ်ဆိုနာရို (Jair Bolsonaro) ဟာ အမေရိကန်နိုင်ငံမှာ ၃ လကြာ ထွက်ပြေးခိုလှုံခဲ့ပြီးနောက် နေရပ်တိုင်းပြည်ကို ပြန်ရောက်လာခဲပါတယ်။

သူဟာ လေယာဉ်နဲ့ ဘရာဆေးလီးယား မြို့တော်ကို ဆိုက်ရောက်လာခဲ့တာပါ။

သူ့ကို အားပေးထောက်ခံသူတွေကနေ ဘရာဇီးနိုင်ငံတော်အလံကို ကိုင်ဆောင်ရင်း သမိုင်းဝင်သူရဲကောင်း လို့ ဂုဏ်ပြု ဟစ်ကြွေးခဲ့ကြပါတယ်။

သူကတော့ လက်ရှိသမ္မတကို ဆန့်ကျင်ရေးမှာ ဦးဆောင်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

မစ္စတာ ဘော်လ်ဆိုနာရို ဟာ သမ္မတ လူလာ ကျမ်းသစ္စာကျိန်ဆိုတဲ့ ဇန်နဝါရီလထဲမှာ ဖလော်ရီဒါပြည်နယ်ကို လေယာဉ်နဲ့ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ လူလာ ရာထူးလက်ခံယူခဲ့အပြီး တစ်ပတ်အကြာမှာ အစိုးရအဆောက်အအုံတွေကို ဆူပူသောင်းကျန်းသူတွေ ဝင်ရောက် စီးနင်းခဲ့အောင် သွေးထိုးလှုံ့ဆော်ခဲ့သလား ဆိုတာအပေါ် စုံစမ်းစစ်ဆေးခံရနိုင်ပါတယ်။

Ref: BBC

………………………………..

ဖိလစ်ပိုင် ကူးတို့ သင်္ဘော မီးလောင်မှု လူ ၃၀ ကျော်သေဆုံး

ဖိလစ်ပိုင်နိုင်ငံမှာ ခရီးသည်တင် ကူးတို့သင်္ဘောတစ်စင်း မီးလောင်ခဲ့မှုကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ၆ လသား ကလေးငယ်တစ်ဦးလည်း ပါဝင်နေခဲ့ပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မီးလောင်ခဲ့မှုကနေ အသက်ရှင် လွတ်လာနိုင်တဲ့ လူတွေကို ကယ်ဆယ်ဖို့ ကမ်းခြေစောင့် တပ်ဖွဲ့တွေက စောင့်ဆိုင်းနေခဲ့ကြတာပါ။

သင်္ဘောပေါ်ကနေ ခုန်ချခဲ့တဲ့အတွက် အသက်ရှင်လွတ်မြောက်သူတွေကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

တချို့လူတွေကတော့ ရေနစ် သေဆုံးခဲ့ကြတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

MV Lady Mary Joy လို့ခေါ်တဲ့ ကူးတို့ သင်္ဘောဟာ ဇမ်ဘိုအဲန်ဂါ မြို့ကနေ ဆူလူ ပြည်နယ် ဂျိုလိုမြို့ကို ညဘက် ခုတ်မောင်းနေချိန် ခရီးသည် ၂၅၀ ကျော် အိပ်ပျော်နေချိန်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

အမေရိကန်စစ်ရဟတ်ယာဉ် နှစ်စီး ပျက်ကျ၊ လူ ၉ ဦး သေဆုံး

အမေရိကန်နိုင်ငံ ကန်တာကီပြည်နယ်မှာ စစ်တပ်သုံး Black Hawk အမျိုးအစား ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ် ၂ စီး ပျက်ကျခဲ့ပါတယ်။

ပျက်ကျမှုကြောင့် လူ ၉ ဦး သေဆုံးခဲ့တယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

မတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီ အချိန်လောက်မှာ ပုံမှန်လေ့ကျင့်ရေးခရီးစဉ် ပျံသန်းနေတုန်း ပျက်ကျခဲ့တာပါ။

ဒါကြောင့် ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ အားလုံး သေဆုံးခဲ့ပါတယ်။

ရဟတ်ယာဉ်တွေဟာ အုပ်ဖွဲ့ ပျံသန်းတဲ့ပုံစံ လေ့ကျင့် မောင်းနှင်နေပြီး တပ်ဖွဲ့ဝင်တွေက ညကြည့်မျက်မှန်တွေ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

ပျက်ကျရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Ref: ABC News

………………………………..

NATO အဖွဲ့သို့ဝင်ရန် ဖင်လန်ရဲ့ လျှောက်ထားချက်ကို တူရကီအတည်ပြု

NATO အဖွဲ့ဝင်ဖို့ ဖင်လန်နိုင်ငံရဲ့ လျှောက်ထားချက်ကို တူရကီ ပါလီမာန်က ထောက်ခံခဲ့ပြီးနောက် လပေါင်းများစွာ နှောင့်နှေးမှုတွေကို အဆုံးသတ်စေပြီ ဖြစ်ပါတယ်။

မတ်လ ၃၀ ရက်နေ့က ဖင်လန်နိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံဖို့ တူရကီပါလီမန်က တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။

ဒါကြောင့် အမေရိကန်ဦးဆောင်တဲ့ အနောက်မဟာမိတ် အုပ်စုရဲ့ နယ်နိမိတ်ဟာ ရုရှားနဲ့ ကီလိုမီတာ ၁၃၀၀ ကျော် ထပ်တိုးလာပြီဖြစ်ပါတယ်။

ဖင်လန်နိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံမှာဖြစ်ကြောင်း ဟန်ဂေရီကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောကြားထားခဲ့တာပါ။

နောက်ဆုံး NATO အဖွဲ့ဝင်တွေထဲက တူရကီတစ်နိုင်ငံရဲ့ ထောက်ခံမှုကိုပဲ ရဖို့လိုအပ်နေခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဖင်လန်နိုင်ငံက လာမည် ဇူလိုင်လမှာကျင်းပမဲ့ နေတိုးထိပ်သီးအစည်းအဝေးမှာ ၃၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာတော့မှာပါ။

Ref: BBC

………………………………..

U-20 ကမ္ဘာ့ဖလား အင်ဒိုနီးရှားမှာ ကျင်းပမယ့် အစီအစဉ် ပယ်ဖျက်

U-20 World Cup 2023 ကိုအင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပဖို့ အရင်က စီစဉ်ထားပေမဲ့ ပယ်ဖျက်လိုက်တယ်လို့ ဖီဖာဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။

အသက် ၂၀ အောက် ဖီဖာကမ္ဘာ့ဖလားဘောလုံးပွဲကို မေလ ၂၀ ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အထိ အင်ဒိုနီးရှားမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။

ဒါကို တစ်ခြားနိုင်ငံမှာ ပြောင်းရွှေ့ ကျင်းပမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ခြေစစ်ပွဲအောင်ထားတဲ့ အစ္စရေးအသင်းကို ပါဝင်ခွင့်မပေးဖို့ အင်ဒိုနီးရှားတာဝန်ရှိသူတချို့က တောင်းဆိုခဲ့ပြီးနောက်မှာ အခုလို အခြေအနေဖြစ်လာတာပါ။

လက်ရှိအခြေအနေတွေကြောင့် ဆုံးဖြတ်တာဖြစ်ပေမဲ့ ဘာကြောင့်လဲဆိုတာတော့ အသေးစိတ်ပြောကြားထားခဲ့တာမျိုး မရှိပါဘူး။

ပြိုင်ပွဲကျင်းပမဲ့နိုင်ငံကို အမြန်ဆုံးပြန်လည်ကြေညာမှာဖြစ်ပြီး ကျင်းပမဲ့ရက်ကိုတော့ အပြောင်းအလဲမရှိသေးဘူးလို့လည်း ပြောကြားထားပါတယ်။

Ref: BBC

………………………………..

အီကွေဒေါမှာ မြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၆ ဦးသေဆုံး

အီကွေဒေါနိုင်ငံအလယ်ပိုင်း Alausi မြို့မှာ မြေပြိုမှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၆ ဦးအထိရှိခဲ့ပါတယ်။

လူ ၇ ဦးလည်း ပျောက်ဆုံးနေခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မိုးရွာသွန်းမှုများပြားခဲ့လို့ တောင်နံရံတွေ လျော့တိလျောရဲဖြစ်လာခဲ့ပါတယ်။

မတ်လ ၂၆ ရက်နေ့က လူ ၄၅၀၀၀ ဝန်းကျင်နေထိုင်တဲ့ ဒီနေရာမှာ မြေကြီးတွေပြိုကျသွားတာဖြစ်ပါတယ်။

မြေပြိုမှုကြောင့် အနည်းဆုံး အိမ်ခြေ ၁၆၃လုံးပျက်စီးခဲ့ရပြီး လူ ၅၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရတာပါ။

အရင်က မြေပြိုမှုတွေကြောင့် ဒီဒေသကို အဝါရောင်အဆင့် အန္တရာယ်ဇုန်နယ်မြေအဖြစ် သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

နှစ် ၂၀၀၀ သက်တမ်းရှိတဲ့ ပိုက်သာဂိုရပ်သီအိုရမ်ကို Trigonometry ဖြင့် သက်သေပြနိုင်ခဲ့

နှစ် ၂၀၀၀ သက်တမ်းရှိတဲ့ ပိုက်သာဂိုရသီအိုရမ်ကို တြီဂိုနိုမေတြီဘာသာရပ်နဲ့ အမေရိကန် အထက်တန်းကျောင်းသူနှစ်ဦးကနေ သက်သေပြနိုင်ခဲ့ပါတယ်။

ဒီနည်းလမ်းနဲ့ သက်သေပြနိုင်ဖို့ သင်္ချာပညာရှင်တွေက နှစ် ၂၀၀၀ နီးပါးကြိုးစားနေခဲ့ကြတာပါ။

ပြီးခဲ့တဲ့အပတ်က ကျင်းပခဲ့တဲ့ အမေရိကန်သင်္ချာအဖွဲ့အစည်းရဲ့ နှစ်စဉ်ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ နယူးအော်လင်းမြို့မှ အထက်တန်းကျောင်းသူ နှစ်ယောက်ကနေ သက်သေပြခဲ့ပါတယ်။

ထောင့်မှန်တြိဂံမှာ ထောင့်မှန်ခံအနားနှစ်ထပ်က ကျန်အနားနှစ်ထပ်ပေါင်းခြင်းနဲ့ ညီတယ် လို့ ပိုက်သာဂိုရပ်သီအိုရမ်ကနေ ပြောခဲ့တာပါ။

ဒါကို တြီဂိုနိုမေတြီဘာသာရပ်ရဲ့ Law of Sines နဲ့ sin2 x + cos2 x = 1 တို့ကိုသုံးပြီး သက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်။

Ref: The Guardian

………………………………..

ဂျပန်မှာ အလုပ်ချိန် ဆေးလိပ်သောက်လို့ ယန်း ၁ သန်းခွဲခန့် ဒဏ်ငွေချမှတ်ခံရ

ဂျပန်နိုင်ငံ အိုဆာကာမြို့က ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ ပြည်သူ့ဝန်ထမ်းတစ်ဦးဟာ အလုပ်ချိန်မှာ ဆေးလိပ်သောက်လို့ ယန်း ၁ ဒသမ ၄၄ သန်း (အမေရိကန်ဒေါ်လာ ၁၁၀၀၀) ဒဏ်ငွေ ချမှတ်ခံခဲ့ရပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၁၄ နှစ်ခွဲကာလအတွင်း အလုပ်ချိန်မှာ ၄၅၁၂ ကြိမ် ဆေးလိပ်သောက်ခဲ့တာပါ။

ဒါဟာ အလုပ်ချိန် ၃၅၅ နာရီ ၁၉ မိနစ်ကြာ အချောင်ခိုမှုဖြစ်တယ်လို့ အိုဆာကာမြို့ ဥပဒေအတိုင်း လစာငွေ ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

အိုဆာကာမြို့ဟာ ဆေးလိပ်သောက်မှုနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ အတင်းကျပ်ဆုံးဥပဒေ ချထားတဲ့ မြို့တစ်မြို့ပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကတည်းက ရုံးဌာန၊ ကျောင်း အစရှိတဲ့ အစိုးရပရိဝုဏ်အတွင်း ဆေးလိပ်သောက်ခွင့်မရှိလို့ တားမြစ်ထားတာပါ။

အစိုးရဝန်ထမ်းတွေအနေနဲ့ အလုပ်ချိန်မှာ ဆေးလိပ်သောက်ခွင့်မရှိဘူးလို့လည်း တားမြစ်ထားပါတယ်။

Ref: NDTV

………………………………..