ရက်ဆက်လာသည့် ထိုင်းနိုင်ငံတွင်း တောမီးလောင်မှုများ

0
2205

ထိုင်းနိုင်ငံတွင်း ပြည်နယ်တစ်ခုရှိ တောင်တန်းများတွင် ဆက်တိုက်ဖြစ်ပွားနေသော တောမီးလောင်မှုကို ရပ်တန့်နိုင်ရန် ထိုင်းအာဏာပိုင်များက မတ်လ ၃၀ရက်နေ့တွင် အရေးပေါ်စီမံချက်များ ဆောင်ရွက်ရန် အမိန့်ထုတ်ခဲ့သည်။

ဘန်ကောက်မြို့၏ အရှေ့မြောက်ဘက် ၊ ၁၁၄ ကီလိုမီတာ (၇၀ မိုင်) အကွာ ၊ နခွန်နရော့ ပြည်နယ်ရှိ ခေါင် ချပလူ တောင်ပေါ်တွင် စတင်လောင်ကျွမ်းခဲ့သော တောမီးသည် လေပြင်းတိုက်ခတ်မှုကြောင့် အနီးနားရှိ ခေါင်လမ် ၊ ခေါင်ကောဝ် နှင့် ခေါင်တဘာ့ခ် ဒေသများ၏  ၇၀၀ ရိုင် (၂၇၆ ဧကကျော်) ဧရိယာရှိသည့် တောင်အများအပြားထံ ကူးစက်ပျံ့နှံ့သွားခဲ့ကြောင်း ဒေသခံမီဒီယာများထံမှ သိရသည်။

ဗုဒ္ဓဟူးနေ့ညက ဖြစ်ပွားခဲ့သော အဆိုပါ မီးလောင်မှုအား ငြှိမ်းသတ်ရန်အတွက် မီးသတ်ယာဉ်များ ဖြန့်ကျက်ချထားခဲ့ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ အနုချာဘူရာပါချိုင်စရီကပြောပြီး နောက်ထပ် အကူအညီများပေးရန် ရဟတ်ယာဉ်များ စေလွှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခေါင်ချပလူတောင်၏ မြင့်မားသော အရပ်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ယင်းနေရာသို့ မီးသတ်သမားများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရန် မဖြစ်နိုင်ကြောင်း အနုချာကပြောသည်။

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် အဆိုပါ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး တောမီးကူးစက်ပျံ့နှံ့မှု ရပ်တန့်နိုင်ဖို့ရာ စနစ်တကျ စီစဉ်လုပ်ဆောင်ကြရန် တာဝန်ရှိသူများနှင့် စစ်တပ်ကို အမိန့်ပေးထားကြောင်း ပြောရေးဆိုခွင့်ရှိသူ အနုချာ က ပြောကြားခဲ့သည်။

လယ်ယာစိုက်ပျိုးရေးနှင့် အခြားရည်ရွယ်ချက်များအတွက် မြေယာရှင်းလင်းစေရန် တမင်မီးရှို့သည့် မည်သူ့ကိုမဆို စောင့်ကြည့်ရန် ပရာယွတ်က တာဝန်ရှိသူများအား အမိန့်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခင်က ကြုံတွေ့ခဲ့ရသည့် တောမီးအများစုတွင် ဤအပြုအမူ၏ စနက်မကင်းကြောင်း အစိုးရအဖွဲ့က တွက်ဆထားသည်။

နခွန်နရော့ပြည်နယ် တွင်း အဆိုပါ မီးလောင်ရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း မိုးကြိုးပစ်ခံရခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသတွင်း မီဒီယာအချို့က ပြောသည်။

အခြားသော တောမီးလောင်ကျွမ်းမှုများသည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင်လည်း တဟုန်းဟုန်း တောက်လောင်လျက် ရှိကြောင်း  အနုချာ က မှတ်ချက် ပြုသည်။

အဆိုပါ ဖြစ်ရပ်များအနက် မတ်လ ၂၉ရက်နေ့က  ချင်းမိုင်ခရိုင်တွင် ဖြစ်ပွားခဲ့သည့် တောမီးလောင်ကျွမ်းမှုသည် ပြင်းထန်သည့်အတွက် ဝေဟင်မှ ရေများပက်ဖြန်း ငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့ရကြောင်း သိရသည်။ 

တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ၊ ၎င်းဒေသများနှင့် ထိစပ်နေသည့် မြန်မာနှင့် လာအိုနိုင်ငံ ၏ ဒေသများတွင် မီးရှို့မှုနှင့် တောမီးများကြောင့် ကျန်းမာရေးအတွက် အန္တရာယ် ရှိသည့် PM2.5 ဖုန်မှုန့် အမြောက်အများနှင့် အတူ လေထုညစ်ညမ်းမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

ထိုင်းနိုင်ငံ၏ ချင်းမိုင်မြို့သည် ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှု အရှိဆုံးမြို့အဖြစ် ရက်အတော်ကြာအောင် ဆက်တိုက် သတ်မှတ်ခံခဲ့ရသည်။

Reference

●       Khaosod English

●       Thaiger