ထိုင်းရွေးကောက်ပွဲ အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်ဟု စစ်တမ်းများ ဖော်ပြ

0
2225
ဓာတ်ပုံ - Reuters

လာမည့်မေလတွင် ကျင်းပသွားမည့် ထိုင်းနိုင်ငံ၏ ပါတီစုံအထွေထွေရွေးကောက်ပွဲသည် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ်ယှဉ်ပြိုင် ရနိုင်ကြောင်း ရွေးကောက်ပွဲစစ်တမ်းများအရ တွေ့ရသည်။

မျက်မှောက်ခေတ် ထိုင်းနိုင်ငံရေးလောက၏ အဓိက အတိုက်အခံပါတီ ဖွေထိုင်းသည် သဘောထား စစ်တမ်းများအရ ထောက်ခံမှုအများဆုံးရနေသော်လည်း လက်ရှိအာဏာရ ညွန့်ပေါင်းပါတီများ၏ ပေါင်းစပ် ထောက်ခံမှုရရှိရန် လိုအပ်နေသည်။

မေလ ၁၄ ရက်နေ့တွင် ကျင်းပမည့် အဆိုပါ အထွေထွေရွေးကောက်ပွဲသည် လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ပေထုံတန် ရှင်နာဝပ်ထရာ၊ တစ်နည်းအားဖြင့်  စစ်တပ်နောက်ခံအင်အားစု နှင့် ရှင်နာဝပ်ထရာ မိသားစုနောက်ခံ ဖွေထိုင်းပါတီတို့အကြား ပြင်းထန်သော ယှဉ်ပြိုင်မှု တစ်ခု ဖြစ်လာမည် ဖြစ်သည်။

ဝန်ကြီးချုပ် ပရာယွတ် သည် အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်ပြီး  ယခင်ရှင်နာဝပ်ထရာ မိသားစုဝင် ဝန်ကြီးချုပ် နှစ်ဦး၏ သမီး နှင့်တူမ ဖြစ်သူ ၊ ပေထုံတန် မှာ အသက် ၃၆နှစ် အရွယ် ရှိပြီ ဖြစ်သည်။

သမိုင်းကြောင်းအရ ဖွေထိုင်း ပါတီသည် ၂၀၀၁ ခုနှစ်မှ စတင်ကာ ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရခဲ့သော်လည်း ၎င်းပါတီမှ ပေါ်ပေါက်လာသည့် အစိုးရများသည် တရားရေးဆိုင်ရာ စီရင်ထုံးများ သို့မဟုတ် စစ်တပ်အာဏာသိမ်းမှုများကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ပါတီများသည် မေလ ၁၄ ရက်နေ့တွင် ပါလီမန်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အသစ်ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်တပ်ကရွေးချယ် ခန့်အပ်ထားသော အထက်လွှတ်တော်အမတ်များက မဲပေးကာ ယခုနှစ် ဇူလိုင်လကုန်တွင် ဝန်ကြီးချုပ်တစ်ဦးကို အတည်ပြုရွေးချယ်နိုင်ဖွယ် ရှိသည်။

Super Poll ၏ ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်မှာ ပြုလုပ်သော စစ်တမ်းတစ်ခုတွင် လူထုထောက်ခံမှု ၃၇ ရာခိုင်နှုန်း နှင့်အတူ ဖွေထိုင်း ပါတီသည် လူအကြိုက်အများဆုံး ပါတီဖြစ်လာသည်။ သို့သော် ၎င်းပါတီ အတွက် လက်ရှိ ညွန့်ပေါင်းအစိုးရရှိ အဓိကပါတီလေးခုနှင့် ၎င်းတို့၏ မဟာမိတ်များက ထောက်ခံမှု မှာမူ ထက်ဝက်ကျော်သာ ရှိခဲ့သည်။

Suan Dusit Poll ၏ စစ်တမ်းတစ်ခုအရ ဖွေထိုင်း ပါတီသည် လူထုထောက်ခံမှု ၄၆ ရာခိုင်နှုန်းနှင့် အဓိကအာဏာရ ပါတီလေးခုမှာမူ  ၃၅ ရာခိုင်နှုန်း သာရှိခဲ့သည်။

ယူနိုက်တက် ထိုင်းနေရှင်း ပါတီမှတစ်ဆင့်  ပြန်လည်အရွေးခံမည့် စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်သည် ဖွေထိုင်းပါတီမှ အမတ်လောင်း ပေထုံတန် ၏ အဒေါ်ဖြစ်သူ ယင်လပ် ရှင်နာဝပ်ထရာ ဦးဆောင်သော အစိုးရကို ၂၀၁၄ ခုနှစ်တွင် ဖြုတ်ချခဲ့သည်။

မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းများအရ ပရာယွတ်အပေါ် ထောက်ခံမှု ကျဆင်းသွားကာ ၎င်း၏ အဓိက ပြိုင်ဘက် ၊ နိုင်ငံရေးဝါနုသေးသော ပေထုံတန် မှာမူ ထိပ်ပိုင်းတွင် ဦးဆောင်နေကြောင်း တွေ့ရသည်။

ခလုံသပ် တူရာကစ် (Krungthep Turakij) သတင်းစာ၏ အမှုဆောင်အရာရှိချုပ် အယောက် ၂၀၀ ပေါ် ကောက်ခံထားသည့် သီးခြားစစ်တမ်းတစ်ခုအရ ဖြေဆိုသူ ထက်ဝက်နီးပါးသည် ဖွေထိုင်းပါတီ ကို ထောက်ခံခဲ့ပြီး ပရာယွတ်၏ပါတီမှာမူ ထောက်ခံမှုရာနှုန်း စုစုပေါင်း၏ ငါးပုံတစ်ပုံအောက်သာ ရရှိခဲ့ကြောင်း ပြသခဲ့သည်။

သို့သော် စီးပွားရေး အမှုဆောင်များသည် နောင်လာမည့် ၀န်ကြီးချုပ်အဖြစ် ပရာယွတ်ကို ၁၄ ရာခိုင်နှုန်းနှင့် ပေထုံတန် ကို ၁၂ ရာခိုင်နှုန်းစီ  အသီးသီး ထောက်ခံခဲ့ကြသည်။

ထူးခြားမှုတစ်ခု အဖြစ် အဆိုပါ စီးပွားရေးစစ်တမ်းတွင် ဝန်ကြီးချုပ်အဖြစ် သဘောထားကောက်ခံရာတွင် အဓိက ယှဉ်ပြိုင်မှု ပြင်းထန်နေသည့်သူများအစား ဖွေထိုင်း ပါတီမှ အကြံပေးအရာရှိချုပ်နှင့် အိမ်ခြံမြေသူဌေးကြီး ဖြစ်သူ ဆရက်သာ သာဝီဆင် (Srettha Thavisin) သည် လေးပုံတပုံသော အမှုဆောင်အရာရှိများ၏ ထောက်ခံမှုကို ရရှိထားသည်။

Reference

●       Reuters