လာမည့်စနေနေ့ ထားဝယ်ခရိုင်တစ်ခုလုံး ဆယ်နာရီကြာ လျှပ်စစ်မီးပြတ်တောက်မည်

0
2317

လာမည့် ဧပြီလ ၁ ရက် စနေနေ့တွင် ထားဝယ်ခရိုင်တစ်ခုလုံးတွင် လျှပ်စစ်မီး ဆယ်နာရီခန့်ကြာ ပြတ်တောက်နေမည် ဖြစ်ကြောင်း ထားဝယ်ခရိုင်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းဖြစ်သည့် Petro & Trans ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ သဘာဝဓာတ်ငွေသုံးစက်ရုံမှ ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်လျှက်ရှိသည့် (၅) ဖီဒါ ဓာတ်အားလိုင်းတွင် ဓာတ်တိုင် နှစ်တိုင်စင်ဖြင့် တည်ဆောက်ထားသည့် လိုင်းတိုင်ကို လေးတိုင်စင်ဖြင့် ပြောင်းလဲတပ်ဆင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လျှပ်စစ်ဓာတ်အားကို ပိတ်ကာ ပြောင်းလဲတပ်ဆင်မည်ဖြစ်သဖြင့် ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းစသော မြို့နယ်တို့ နံနက် ၇ နာရီမှ ညနေ ၅နာရီအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်သည်ဟု ဆိုသည်။

နှစ်တိုင်စင်မှာ ဓာတ်အားလိုင်းများ၏ ဝန်အားကို မခံနိုင်သောကြောင့် ယိမ်းယိုင် အက်ကွဲနေသည့်အတွက် လေးတိုင်စင်ဖြင့် အစားထိုးတပ်ဆင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထားဝယ်ခရိုင်ရှိ မြို့နယ်အချို့တွင် ယခုအပတ်အတွင်းလည်း လျှစ်စစ်မီးများ ပြတ်တောက်မှုများကြုံခဲ့ရကြောင်း ဒေသခံတို့ထံမှသိရသည်။