အမှောင်ထဲမှ မင်းသားများ ၁၉၉၀

0
3615

Princes in The Darkness 1990s

အခန်း(၂၈)

တကယ်တမ်းကျ ဂျာနူးနှင့်ပတ်သက်သည့် သဲလွန်စများရှာရသည်မှာ မလွယ်ကူခဲ့ပါ။

ထိုအခါကျမှ ဂျာနူး၏ အနေအထိုင်သိပ်သည်းပုံကို ဗေဒါ ပြန်တွေးမိသွား၏။

သူနှင့် ချစ်ကြိုက်ခဲ့စဉ်တစ်လျှောက် ဗေဒါသည် ဂျာနူး မည်သည့်နေရာသွားသည်၊ မည်သည့်ကိစ္စ လုပ်သည်ကို လုံးဝမသိရ။ ဂျာနူး၏ ပြင်ပမှ အပေါင်းအသင်း၊ မိတ်ဆွေဟူ၍လည်း မတွေ့ဘူး။ မကြားဘူးခဲ့။

လုပ်ငန်းခွင်ထဲတွင်လည်း မသင်္ကာစရာ သဲလွန်စ စာရွက်စာတမ်းလုံးဝရှာမတွေ့။

ဂျာနူး နှင့်ပတ်သက်၍ ရှာစရာတစ်နေရာသာရှိတော့သည်။

အခြားမဟုတ်။ ဂျာနူးနေခဲ့သည့် ကိုးမိုင်ခြံ။ ထိုခြံတွင် ခြံစောင့်အဖြစ်ရှိနေသော သားအမိ သည် ဂျာနူး နှင့် ရင်နှီးသောသူများလည်းဖြစ်သည်။

နောက်တစ်နေ့ နံနက် ခြောက်နာရီခန့်တွင် ဗေဒါ က ကိုးမိုင်ခြံသို့ ထွက်ခဲ့၏။

အိပ်မှုန်စုံမွှားဖြစ်နေသည့် အချိန်တွင် မေးခွန်းများမေးလျှင် အဖြေမှန်များ ရတတ်သည်ဟူသော‌ ထောက်လှမ်းရေးသံချောင်း တစ်ခါက ပြောဖူးသည့် စကားကို ဗေဒါ အသုံးချလိုက်ခြင်းဖြစ်သည်။

အခုတော့ ကျေးဇူးရှင်မောင်သံချောင်းလည်း ‌ထောင်နှစ်(၂၀)ကျသွားရှာလေပြီ။

“ဪ..ဆရာလေး”

ဗေဒါကို မြင်သည့်အခါ အဘွားကြီးက တအံတဩ။

“ကျွန်တော် အန်တီ့ကို မေးစရာရှိလို့လာတာပါ..ဟိုအန်တီသမီးလေး‌ရော”

“ဟင်..ဆရာမသိဘူးလား..ကျွန်မသမီးကို ဆရာမဂျာနူး ထိုင်ဝမ်မှာ သူ့မင်္ဂလာဆောင်လုပ်ကတည်းက ခေါ်သွားတာ”

ဗေဒါ စိတ်ထဲ ဟာ ခနဲဖြစ်သွားသည်။ ဂျာနူးနှင့် ထိုကောင်မလေး တပူးတွဲတွဲရှိနေတတ်သည်ကို ဗေဒါ သတိထားမိခဲ့သည်။ ထို့ကြောင့် ဂျာနူးကိစ္စ ကောင်မလေးကို မေးလို့ရနိုင်သည်ဟု ယူဆခဲ့ခြင်း။

ယခုတော့ ဂျာနူးက ကောင်မလေးကိုပင် ခေါ်ထုတ်သွားခဲ့ပြီ။

ပိရိသေသပ်လှသော သူလျှိုမလေး။

“အန်တီ..ကျွန်တော်မေးတာကို အမှန်အတိုင်းဖြေပါ..အန်တီ နဲ့ ဂျာနူး ဘယ်တုန်းက စသိတာလဲ”

“ဘာသိရမှာလဲ..ဆရာရယ်..ကျွန်မကို ခြံစောင့်ခန့်တာလည်း ဆရာမဂျာနူးပဲလေ..သူ ဒီအိမ်မှာနေတယ်..ကျွန်မတို့က ချက်ပြုတ်ကျွေးမွေးတယ်..ဒါပဲလေ”

“ဒီအိမ်မှာနေတော့..သူ့ဆီ ဘယ်သူ‌တွေလာသေးလဲ..သိချင်တာ”

“အင်း..နေ့လည်ပိုင်းကတော့ လာတတ်တာဆိုလို့ ဆရာရယ်..ဆရာလောရှည်ရယ်ပဲလေ..ဆရာကြီးမစ္စတာလုကတော့.. တချို့ညတွေ လာလာအိပ်တတ်တယ်”

“လာလာအိပ်တယ်ဆိုတာက”

“ဟာ..ဆရာကလည်း..သိရဲ့သားနဲ့”

အဘွားကြီးပုံစံကို ကြည့်ခြင်းဖြင့် မစ္စတာလု ဘာလာလုပ်သည်ကို ဗေဒါ ခန့်မှန်းမိလိုက်သည်။

တခါက သူ့အား လောရှည်ပြောခဲ့ဖူးသည့် စကားကို လည်း သွားဆက်စပ်မိ၏။

မစ္စတာလု ဆန္ဒရှိလျှင်..ဂျာနူးသည်…။

အား….ဗေဒါ..ဆက်မတွေးချင်တော့။

အနီးအနားက နံရံနှင့် သူ့ခေါင်းကိုပင် ပြေးစောင့်လိုက်ချင်တော့၏။

ဂျာနူးသည် သူတို့အားလုံးအား..ဇာတ်လမ်းအမျိုးမျိုး၊ မျက်နှာအဖုံဖုံဖြင့် တင်ဆက်အသုံးတော်ခံကာ လှည့်စားသွားခဲ့သည်လား။

မစ္စတာလု ရော၊ သူပါ..ဂျာနူး၏ လှည်းစားခြင်းမြစ်ထဲ အတူတကွမျောခဲ့ကြသည်လား။

ဗေဒါက ဆက်မေးချင်စိတ်လည်းမရှိတော့။ ဂျာနူးသည် အားလုံးကို စနစ်တကျ စီမံခဲ့သည်လား။

“ဆရာ..ဘာမေးဦီးမလဲ..ကျွန်မ..အခန်းရှင်းစရာတွေရှိသေးလို့”

ဗေဒါ ခေါင်းထဲ အသိတစ်ခု လက်ခနဲ ဝင်လာသည်။

“ဂျာနူးနေသွားတဲ့အခန်း…ဖွင့်ထားလား”

“ဟင်အင်း..သူ သော့ပိတ်ခဲ့တယ်..ဆရာ”

“အန်တီ့မှာ သော့အပို မရှိဘူးလား”

“ရှိပါတယ်..ဆရာ..ခဏ”

အဘွားကြီးက သူ့အိပ်ခန်းတွင်းဝင်သွားပြီး ပြန်ထွက်လာသည်။

ဗေဒါ့လက်သို့ သော့တချောင်းအပ်လိုက်၏။

………………………………………….

အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ဂျာနူး သုံးနေကျ ရေမွှေးနံ့ကလေးက လှိုက်ခနဲ။

ဂျာနူးအိပ်ခဲ့သည့် ကုတင်လေးပေါ်တွင် ထိုင်လိုက်ရင်း တချိန်က သူမ၏ အငွေ့အသက်လေးများကို ဗေဒါ ခံစားကြည်မိသည်။

ကုတင်က နှစ်ယောက်အိပ်ကုတင်။

ကုတင်ဘေးမှ ခုံလေးတွင် ခရုခွံဖြင့်လုပ်ထားသည့် စီးကရက်ပြာခွက်တစ်ခု။ စီးကရက်ပြာခွက်ထဲတွင်က မစ္စတာလု သောက်လေ့ရှိသည့် စီးကရစ်ဖင်စီခံများ။

ဗေဒါ့ရင်ထဲတွင် နင့်ကနဲ။

သည်အိမ်တွင် ဂျာနူးနှင့်သူ နှစ်ယောက်တည်းရှိခဲ့ဖူးသော်လည်း..ဂျာနူးက သူ့အခန်းထဲသို့ ဝင်ခွင့်မပေး။ အဘွားကြီးသားအမိကို အပြင်ပထုတ်ပြီး..တစ်ဖက်ရှိ အိပ်ခန်းအလွတ်တွင်သာ သူတို့ ကြည်နူးခဲ့ကြဖူးသည်။

ဗေဒါက ရေချိုးခန်းတံခါးကို ဖွင့်ကြည့်လိုက်သည်။

သွားပွတ်တံနှစ်ချောင်း။ အမျိုးသားသုံးတဘက်ကြီးတထည်။ မုတ်ဆိတ်ရိတ်သည့် ဂျုတ်တံ။

အင်း..ဒါတော့..ဂျာနူးလည်း ရိတ်စရာရှိတာ ရိတ်နိုင်သည်ပဲ ဟု တွေးကာ စိတ်ကို ပြန်လျော့ချထားလိုက်ရ၏။

ဗေဒါက ရေချိုးခန်းတံခါးကို ပိတ်လိုက်ပြီး ဂျာနူး၏ အဝတ်ဘီဒို ကို ရှာဖွေရန် ဖွင့်ကြည့်မိသည်။ သော့ခတ်ထား၏။

“ဆရာ…ဆရာမက တစ်ခုပေးသွားသေးတာ..ကျွန်မမေ့နေလို့..ဒီဘီဒိုသော့ကို ဆရာကလွဲပြီး ဘယ်သူမှ မပေးပါနဲ့လို့ သူမှာသွားတယ်”

အဘွားကြီးက ဗေဒါ့လက်ထဲ သော့တချောင်းကမ်းပေးသည်။

ဗေဒါက ဘီဒိုကို ဖွင့်လိုက်၏။

အဝတ်အစားအနည်းငယ်မှ လွဲပြီး ဘာမှ မတွေ့။ ဘီဒိုအံဆွဲကို ဆွဲဖွင့်ကြည့်လိုက်သည်။

“ဂလောက်..ဂလောက်”

သနပ်ခါးတုံးလေးတစ်တုံး။ ဗေဒါ ငိုင်သွားသည်။ တချိန်သောအခါက မန္တလေးက အပြန်တွင် ဂျာနူးအတွက် သူဝယ်လာပေးခဲ့ဖူးသော သနပ်ခါးတုံးလေး။

“သနပ်ခါးလိမ်းကြည့်ပါလား..လှမှာ” ဟု သူစနောက်ခဲ့စဉ်က ပြန်လည်ရရှိဖူးသည့် မျက်စောင်းဝံ့ဝံ့လေး။

သနပ်ခါးတုံးအောက်တွင် အညိုရောင်ဒိုင်ယာရီစာအုပ်ကလေး။

ဗေဒါပေးခဲ့သည့် သနပ်ခါးတုံးလေးကို ဒိုင်ယာရီစာအုပ်ကလေးနှင့်အတူ တမင်တကာ သိမ်းထားခဲ့ခြင်းဆိုလျှင်..ထိုစာအုပ်ကို ဗေဒါ အား ဂျာနူးက ဖတ်စေချင်ခဲ့သည့်အတွက် တမင်တကာ ထားထားခဲ့သည့်သဘော။

ဗေဒါက ဂျာနူးအိပ်ခဲ့သည့် ကုတင်ပေါ်တွင် လှဲအိပ်ကာ ဒိုင်ယာရီစာအုပ်ကို လှန်လိုက်သည်။

အတိတ်နေ့စွဲများဆီသို့။

………………………………………….

၁၉၆၀ ခုနှစ်၊ ဩဂုတ်လ။

မာလိပါးတောင်တန်းဘက်ဆီမှ မောင်းနှင်လာဟန်တူသော ဂျစ်ကားတစ်စီး။

ဖုန်အလိမ်းလိမ်းတက်နေပြီး လမ်းကြမ်းကို ဖြတ်လာပုံရသော်လည်း ဂျစ်ကားသည် အရှိန်ကို မလျော့။

ဂျစ်ကားကို မောင်းနှင်လာသူက အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ယောက်။

ရှပ်အင်္ကျီဖားဖားနှင့် စစ်ဘောင်းဘီတထည်ကို ဝတ်ဆင်ထားသော်လည်း သူမ၏ အုံထူထူ ခပ်တိုတို ဆံပင်နှင့် ဖြူလွှလွှပါးမို့မို့က ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသမီတစ်ယောက်မှန်း သိသာစေသည်။

မကြာမီ သိန္နီမြို့သို့ ရောက်တော့မည်။

မြန်မာစစ်တပ်၏ စစ်ဆေးရေးဂိတ်ရှိရာသို့ သူမ၏ ဗာဒံသီးပုံမျက်ဝန်းကလေးများ မှေးစင်းကာ တချက်ကြည့်လိုက်၏။

ဂျစ်ကားကို အရှိန်လျော့ချလိုက်သည်။

မောင်းတံ‌ရှေ့အရောက်တွင် စစ်သားနှစ်ဦီး ထွက်လာပြီး သူမ ကားကို တားလိုက်၏။

သူမက ညင်ညင်သာသာပင်ရပ်ပေးလိုက်သည်။

“ဘယ်ကလာတာလဲ”

သူမက ချက်ချင်းပြန်မဖြေသေး။

အိပ်ကပ်ထဲတွင် ပါလာသော စီးကရက်ဘူးကို ထုတ်ကာ မီးညှိ့လိုက်သည်။

ထို့နောက် စီးကရက်ဘူးအား စစ်သားထံ ကမ်းပေးလိုက်၏။

“ချင်းရွှေဟော်က လာတာ”

“ဘယ်သွားမလို့လဲ”

“လားရှိုး”

စစ်သားက သူမ တည့်ခင်းသော စီးကရက်ဘူးထဲမှ စီးကရက်သုံးလိပ်ကို ယူလိုက်ပြီး သူမကို ခြေစွန်းခေါင်းစွန်း ကြည့်လိုက်၏။

သူမက စီးကရက်ကို ခပ်ကြမ်းကြမ်းတစ်ချက်ရှိုက်ပြီး လီဗာကို နင်းရန် ပြင်လိုက်သည်။

စစ်သားကလည်း အလိုက်သင့် မောင်းတံကို ဖွင့်ပေးရန် လျှောက်သွား၏။

“မောင်လှ..ခဏနေဦီး”

ဂိတ်တဲပေါ်တွင် ထိုင်နေသည့် လူတစ်ယောက်က လှမ်းအော်သည်။ ထိုသူ၏ ပုခုံးတွင် သုံးဘားတင်ထားသည့်အတွက် အရာရှိမှန်း သူမ သိလိုက်၏။

အရာရှိက ဂိတ်ထဲကို ကျော်ဆင်းလာပြီး..သူမကို သေချာကြည့်လိုက်သည်။

ထို့နောက် ခါးကြားမှ ပစ္စတိုသေနတ်ကို ထုတ်ကာ နဖူးကို တေ့လိုက်၏။

“လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ပြီး..ကားပေါ်က ဆင်းခဲ့လိုက်ပါ..ခင်ဗျား တစ်ခုခု လှုပ်ရှားတာနဲ့ ကျုပ်တို့ ပစ်ရပါလိမ့်မယ်”

ထိုအခါကျမှ နဘေးနားမှ စစ်သားများက အလန့်တကြားဖြင့် သေနတ်များကို မောင်းဆွဲကာ ချိန်လိုက်ကြ၏။

အမျိုးသမီးက လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ထားလိုက်သော်လည်း စီးကရက်ကို မူ အခဲမပျက်။

ထို့နောက်…ဂျစ်ကားပေါ်မှ ခုန်ဆင်းလိုက်သည်။

“ခင်ဗျား.မမလေးအောလစ်ယန်း မဟုတ်လား”

“အေး..ဟုတ်တယ်လေ…အဲ့ဒါ.ဘာဖြစ်လဲ”

“ခင်ဗျားကို မြန်မာ့တပ်မတော်က ဖမ်းလိုက်ပြီ”

“အေးလေ…ဒါဆိုလည်း…ဖမ်းပေါ့”

………………………………………….

မာလိပါး၏ ဘုရင်မလေး ယန်းကျင်းရှူ။ တနည်းအားဖြင့် ကိုးကန့်ဘိန်းအင်ပါယာ၏ စွန့်ဉီးတည်ထွင် စစ်ဘုရင်မ အောလစ်ယန်း။

ကိုးကန့်သား ကာလသားများ၏ ပါးစပ်ဖျားတွင်တော့…မာလိပါး၏နှင်းဆီသခင်မလေး…မမလေးယန်းအော့ ဟု ခေါ်တွင်ကြသည်။

ယန်းအော့သည် ကိုးကန့်စော်ဘွား “ယန်” မိသားစု ၏ အမွေဆက်ခံသူများထဲမှ တစ်ယောက်။ ကိုးကန့်စော်ဘွား ယန်ကျဲ့ချိုင်၏ နှမငယ်။

မာလိပါးဟု ခေါ်သည့် ကိုးကန့်တောင်တန်းများပေါ်တွင် မွေးဖွားခဲ့ပြီး လားရှိုးမြို့ Guardian Angel’s Convent ကျောင်းတွင် ပညာသင်ကြားခဲ့သည့် ခေတ်ပညာတတ်အမျိုးသမီး။

ဟန်တရုတ်လူမျိုးတို့ရဲ့ ဓလေ့ထုံးစံ၊ ကိုးကန့်စော်ဘွားမျိုးတို့ရဲ့ ဓလေ့ထုံးစံများကို ဖယ်ခွာခဲ့သူ။

ယောက်ျားသားများသာ ဉီးစီးဉီးဆောင်ပြုခဲ့သည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့များကြား တပ်ဖွဲ့ဝင် တစ်ထောင်ကျော်ပါဝင်သည့် ကိုယ်ပိုင်စစ်တပ်ကို ထူထောင်နိုင်ခဲ့တဲ့ တစ်ဉီးတည်းသော စစ်ဘုရင်မ။

ထိုစဉ်က ယန်းအော့၏ အသက်မှာ (၁၉)နှစ်။

မြင်းကို ဒုံးစိုင်းစီးသွားရင်းက ပစ္စတိုနှစ်လက်ကို တပြိုင်နက် ပစ်မှတ်မှန်အောင်ပစ်နိုင်သည်ဟု နာမည်ကျော်ကြားခဲ့သည့် ယန်းအော့။

ယန်းအောသည် အကိုဖြစ်သူ ကိုးကန့်စော်ဘွား ယန်းကျဲ့ချိုင်၏ အရိပ်အောက်တွင် ကိုးကန့်ဒေသ၏ ဘိန်းစီးပွားရေးခေတ်သစ်ကို အစပြုစေခဲ့သည်။

ကိုးကန့်၏ သမာရိုကျ ဘိန်းဈေးကွက်ကို ကုန်းလမ်းတတန်၊ သင်္ဘောတတန်ဖြင့် ဟောင်ကောင်ဈေးကွက်အထိ သူမလက်ထက်တွင် ချဲ့ထွင်နိုင်ခဲ့သည်။

ကိုးကန့်ရဲ့သခင်မရဲ့ ယန်းအော့ မှာ ထူးခြားသည်က မိန်းကလေးများကို ချစ်မြတ်နိုးတတ်ခြင်း။

ထို့ကြောင့်ပဲ ၁၉၅၂ ခုနှစ်၊ မန္တ‌လေးမြို့တွင် သူမ၏ အချစ်တော်မိန်းကလေးတစ်ယောက်ထံသို့ သွားအလည် မြန်မာအစိုးရက သူမကို ဖမ်းဆီးမိခဲ့သည်။

တရုတ်ဖြူကူမင်တန်များနှင့် ဆက်သွယ်ကူညီမှုပုဒ်မတပ်ကာ သူမအား အစိုးရ ထောင်ဒဏ် (၅)နှစ်ချမှတ်ခဲ့၏။

ထောင်မှလွတ်လာပြီးသည့်နောက် အစိုးရက ခြေချုပ်ဖြင့် ထားရှိသော်လည်း ယန်းအော့သည် ကိုးကန့်သို့ တိတ်တဆိတ်ခိုးပြန်လာပြီး သူမ၏ တပ်ဖွဲ့ကို ပြန်လည်ဉီးစီးနေခဲ့သည်။

ယခုတကြိမ်တော့လည်း မည်သည့်ကိစ္စနှင့် မည်သို့ စိတ်ရူးပေါက်သည်မသိ။

မြန်မာအစိုးရစစ်တပ်များရှိရာနယ်မြေသို့ ဂျစ်ကားဖြင့် ခပ်တည်တည်ဝင်ချသွားရာမှ အဖမ်းခံခဲ့ရပြီ။

………………………………………….

“မမလေးယန်းအော့ ကို ငါ့အသက်နဲ့ လဲပြီး ကယ်မယ်….မင်းတို့ငါတို့ရဲ့ အသက်တွေအားလုံးနဲ့ မမလေး ရဲ့ အသက် လဲသင့်ရင် လဲရမယ်”

လားကောင်ရေ(၅၀၀)ကျော်၊ တပ်သားဉီးရေ (၁၀၀၀)ကျော်ရှိသည့် မာလိပါး‌မြေပြန့်တစ်နေရာရှိ “Olive’s Boy” ခေါ် မမလေးအောလစ်ယန်း၏တပ်မှူးများအစည်းအဝေးတွင် တပ်မှူးလေး လော၏ အသံတစ်ခုသာ ဟိန်းထွက်လာ၏။

တပ်မှူးလေးလော ၏ အမည်ရင်းမှာ “လောဝေမန်”ဖြစ်သည်။ သို့သော် ၁၉၄၆ ခုနှစ် ကာလများက တပ်မှူးလော တက်ရောက်ခဲ့သည့် ကူမင်တန်တပ်မ(၉၃)၏ ကွန်မြူနစ်ဆန့်ကျင်ရေးစစ်သင်တန်းကျောင်း မှ ဆရာများက လောဝေမန်အား ရာဇဝင်ထဲမှ တရုတ်စစ်သူကြီးအမည် “လိုစစ်ဟန်” ဟု အမည်ပြောင်းပေးခဲ့ကြသည်။

“လိုစစ်ဟန်”ရဲ့ အဓိပ္ပါယ်က အနာဂတ်မှာထွန်းလင်းမည့် ကြယ်တပွင့်။

သင်တန်ဆင်းလျှင်ဆင်းပြီးခြင်းပင် ဒုဗိုလ်ရာထူးရရှိခဲ့သည့် တပ်မှူးလေးလော အတွက် အခွင့်အရေး နှစ်ခု ရှိနေသည်။

တရုတ်ဖြူကူမင်တန်ပါတီတွင် တာဝန်ထမ်းဆောင်မလား။ ကူမင်တန်ပါတီ၏ ဒေသတွင်းမဟာမိတ် ကိုးကန့်စော်ဘွားတပ်တွင် တာဝန်ထမ်းဆောင်မလား။

ဒုဗိုလ်လေးလော က ကိုးကန့်စော်ဘွားတပ်ကို ရွေးချယ်ခဲ့သည်။ ကိုးကန့်‌စော်ဘွားတပ်တွင် သူနှင့် သင်တန်းတပတ်စဉ်ထဲဖြစ်သော်လည်း သူ့ထက် အသက်နှစ်နှစ်ကြီးသူ ဖုန်မိသားစု မှ ကျားရှင်လည်း ပါဝင်နေခဲ့၏။

သင်တန်းတွင် ထူးချွန်သူဖြစ်သော ကျားရှင်ကို ကိုးကန့်စော်ဘွားတပ်၏ ကိုယ်ရံတော်တပ်အရာရှိအဖြစ် ချက်ချင်း ခန့်အပ်ထားခဲ့သည်။

ဒုဗိုလ်လေးလော ကတော့ ဘိန်းကုန်ကူးမည့် လားဝန်တင်တန်းများ၏ အငယ်တန်းလုံခြုံရေးအရာရှိ။

သင်တန်းဆင်းစ သူတို့စစ်ဗိုလ်ပေါက်စလေးများအတွက် စိတ်ကူးယဉ်စရာအိပ်မက်ကား အများကြီးမရှိ။

ထိုအများကြီးမရှိသည့်ထဲတွင်မှ… ကိုးကန့်စော်ဘွား “ယန်”မိသားစုထဲမှ စစ်ဘုရင်မမ ယန်းအော့ သည် ထိပ်ဆုံးမှ ပါဝင်နေသည်။

ကိုယ်ရံတော်တပ်မှ ကျားရှင်ရော၊ ဒုဗိုလ်လေးလော ကပါ မမလေးယန်းအော့ ၏ အလှအပနှင့် ရဲစွမ်းသတ္တိ သတင်းများကို ကြားထားပြီးသား။ စိတ်ကူးနှင့်ရူးခဲ့ကြပြီးသား။

သို့သော် စော်ဘွားနှမဖြစ်သော မမလေးယန်းနှင့် သူတို့လို သာမန်စစ်ဗိုလ်လေးများ ဘဝက မိုးနှင့်မြေကြီးနှယ်။

၁၉၅၀ ခုနှစ်များတွင်တော့ ကူမင်တန်တပ်ဖွဲ့နှင့်စော်ဘွားတပ်ဖွဲ့များမှာ ဗမာ့တပ်မတော်နှင့် တရုတ်ကွန်မြူနစ်ပါတီတပ်များ၏ နှစ်ဖက်ထိုးစစ်ကြား အလူးအလဲ ရှုံးနိမ့်နေခဲ့သည်။

ဗိုလ်လေးလော မှာ မမလေးယန်းအော့ ၏ တပ်များနှင့်အတူ တိုက်ပွဲဝင်ခဲ့ပြီး…မမလေးယန်းအော့ က ဗိုလ်လေးလော ကို သတိထားမိသွားသည့်ကာလများပင်။

ထိုအချိန်တွင် စော်ဘွားတပ်များအင်အားလျော့ချရေးစီမံချက် ပေါ်ပေါက်လာခဲ့ပြီး ဗိုလ်လေးလော မှာ အင်အားလျော့ချသည့်အထဲတွင် ပါဝင်ခဲ့ရ၏။

ဗိုလ်လေးလော မှာ သူ့အား စွန့်ပစ်လိုက်သော စော်ဘွားမိသားစုအား ကျောခိုင်းခဲ့ပြီးနောက် ဖခင်ကြီးလောချောင်စင်း ရဲ့ အိမ်ကို ပြန်သွားခဲ့သည်။

ဗိုလ်လေးလောတို့ မိသားစုသည် တရုတ်ပြည် ယုန်လီဧက္ကရာဇ်စစ်ရှုံးပြီး အင်းဝနေပြည်တော်သို့ ထွက်ပြေးရာတွင် နောက်ချန်တပ်အဖြစ် လိုက်ပါပေးရသော တပ်မှူးကြီးလောတာရွှင်၏ ဆယ်ဆက်မြောက်မျိုးနွယ်ဖြစ်သည်။

လောချောင်စင်းသည်လည်း ဂျပန်တော်လှန်ရေးကာလနောက်ပိုင်း ဘိန်းစိုက်ပျိုးရေးလုပ်ငန်းဖြင့် ဒေသတွင်း သူကြွယ်တစ်ဉီးဖြစ်နေပြီဖြစ်သဖြင့် ဗိုလ်လေးလောအတွက် ပူပန်စရာမရှိ။

ထိုသို့ ပူပန်စရာမရှိသည့် အခြေအနေကပင် ဗိုလ်လေးလော ၏ ဘဝကို ဖျက်ဆီးပစ်ခဲ့သည်။

အိမ်သို့ ပြန်နေသည့် တစ်နှစ်တာကာလအတွင်း ဗိုလ်လေးလော သည် လောင်းကစားထဲတွင် နစ်မြုပ်သွားခဲ့၏။

ဗိုလ်လေးလောသည် ဘိန်းရှုရင်း၊‌ လောင်းကစားလုပ်ရင်းဖြင့် ဖခင်ကြီး၏ ပစ္စည်းဉစ္စာများကိုပါ တဖြည်းဖြည်း ထိပါးလာခဲ့သည်။

၁၉၅၁ ခုနှစ်။ နွေဉတုတစ်ရက်။

လောက်ကိုင်အရှေ့ဘက် ရွာလေးတစ်ရွာ၏ ဈေးနေ့။

တဲတန်းတစ်ခုတွင်း ဘိန်းပြောင်းကို ဘေးချကာ ဆယ့်သုံးချပ်ဖဲကို ကိုင်ထားသည့် စစ်ဗိုလ်ဟောင်းလူငယ်လေး လော မှာ မြင်းခွာသံပြင်းပြင်းကြောင့် အနောက်သို့ လှည့်ကြည့်လိုက်သည်။

ကူမင်တန်စစ်ဉီးထုတ်ကို ဆောင်းထားပြီး..သေနတ်နှစ်လက်ကို ခါးတွင်ချိတ်ထားသည့် မြင်းပေါ်မှ အမျိုးသမီးကို မြင်သည့်အခါ ဗိုလ်လေးလောသည် ဖဲချပ်တို့ကို ပစ်ချလိုက်ပြီး..ရုတ်တရတ်တဲပေါ်မှ ခုန်ဆင်းလိုက်၏။

ထို့နောက်…သတိဆွဲကာ အလေးပြုလိုက်သည်။

“မမလေး ယန်းအော့”

မမလေးယန်းအော့ သည် မြင်းပေါ်မှ ကျွမ်းကျင်စွာ ဆင်းလိုက်သည်။

ထို့နောက်…ဗိုလ်လေးလောထံသို့ လျှောက်လာပြီး..ပုခုံးကို ဆုပ်ကိုင်လိုက်၏။

“ဝေမန်…မင်း..ဒီအလုပ်မဟုတ်တဲ့ ကိစ္စတွေကို ဘယ်အချိန်အထိ ဖက်တွယ်ထားမှာလဲ”

ရုတ်တရတ်မို့ လော မှာ ဘာပြန်ပြောရမည်မသိ။

“မင်းက စစ်ဗိုလ်ကောင်းတစ်ယောက်ပါ…ဝေမန်…မင်းကို ငါ့ တပ်အတွက် တာဝန်ပေးစရာတစ်ခုရှိတယ်”

ဗိုလ်လေးလော မှာ ထခုန်မိမတတ်ဝမ်းသာသွားရသည်။

ကိုးကန့်၏ နာမည်အကျော်ကြားဆုံ စစ်ဧကရီတစ်ပါးက ယခုလို လူအများရှေ့တွင် သူ့နာမည်ရင်းကို ခေါ်ကာ ပုခုံးကို ဆုပ်ကိုင်လျက်..တာဝန်ပေးလာသည်က..ဂုဏ်ယူစရာကိစ္စတစ်ခုမဟုတ်လား။

မမလေးယန်းအော့သည် စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ပြီး သူမ၏ နီညိုညိုနှုတ်ခမ်းဖူးလေးတွင် တေ့လိုက်သည်။

ဗိုလ်လေးလောမှာ..တဲပေါ်တွင် ကျန်ခဲ့သည့် မီးခြစ်ဆံဘူးကို အပြေးအလွှားယူကာ မီးညှိ့ပေးလိုက်၏။

………………………………………….

လောင်းကစားနွံ၊ ဘိန်းနွံ့ထဲတွင် လေလွင့်နေသော လူဆိုးကလေး လော သည် မမလေးယန်းအော့၏ ဖေးမမှုဖြင့် တပ်မှူးငယ်တစ်ယောက်ရာထူးပင် ရရှိခဲ့ပြီ။

မမလေးယန်းအော့ မန္တလေးတွင် ထောင်ကျနေစဉ်ကာလအတွင်း တပ်မှူးလေးလော မှာ အခြားတပ်မှူးကြီးများနည်းတူ မမလေး၏ သစ္စာကို စောင့်သိရိုသေမြဲ။

ယခုတကြိမ်ဖမ်းခံရမှုတွင်တော့ အားလုံးက နှုတ်ဆိတ်နေကြ၏။

စစ်တပ်စခန်းတစ်ခု တည်ထားသော သိန္နီထိ သွားပြီး မမလေးယန်းအော့ကို ကယ်တင်ရမည်ဆိုသည့်ကိစ္စက အန္တရာယ်ကြီးလွန်းသည့်ကိစ္စ မဟုတ်လား။

သိန္နီသည် လားရှိုးနှင့်လည်း နီးလွန်းနေ၏။ ဗမာစစ်တပ်အနေဖြင့် စစ်ကူအလွယ်တကူပေးလာနိုင်သည်။

တပ်မှူးကြီးများ၏ တွက်ချက်မှုကို လူငယ်တပ်မှူးလေး လော က လက်မခံနိုင်။

သူ့အပေါ် ကျေးဇူးရှိခဲ့သော မမလေးယန်းအော့ကို လားရှိုးသို့မပို့မီ..သူ ရအောင်ကယ်ထုတ်မည်။ လမ်းမှ ဖြတ်တိုက်မည်။

တပ်မှူးကြီးများက မနေ့တနေ့ကမှ စစ်သင်တန်းဆင်းလာသည့် လောမျိုးနွယ် ငတိလေး၏ အဆိုကို သဘောမတူကြ။

………………………………………….

“ဝုန်း”

လက်နက်ကြီးကျလိုက်သံကြောင့် စစ်ယာဉ်တန်းမှာ ရပ်တန့်သွား၏။

တောင်နံရံနှစ်ဖက်ကြားမှ အပြင်းအထန်ပစ်ခတ်မှုများကြောင့် ကားပေါ်မှ စစ်သည်များမှာ ရုတ်တရက် ပြန်လည်မပစ်ခတ်နိုင်ကြ။

အသင့်နေရာယူပြီး ပစ်ခတ်ကြသော်လည်း တစ်ဖက်မှ တပ်မှူးကိုယ်တိုင် ကျားထိုးကာ အတင်းတက်ပစ်နေသဖြင့်

ကားများကို သိန္နီဘက်သို့ သာ ပြန်ဆုတ်ရန် ပြင်ဆင်ကြရသည်။

သို့သော်လည်း နောက်ထပ် ကိုးကန့်စစ်သည်အင်အား(၅၀)ခန့်က ထပ်မံပိတ်ဆို့လိုက်ကြ၏။

အလယ်ကားတွင် ပါလာသော သိန္နီတပ်မှ တပ်မှူးမှာ မထင်မှတ်ထားသည့်တိုက်ခိုက်မှု၊ လူအင်အားကွာဟမှုတို့ကြောင့် လက်နက်ချရန် ဆုံးဖြတ်ရသည်။

အလံဖြူတတ်လာသဖြင့် ပစ်ခတ်သံများ ရပ်သွား၏။

“မင်းတို့ ဘာလိုချင်တာလဲ…ငါတို့ စစ်ကူရောက်လာရင်..မင်းတို့ အကုန်မလွယ်ဘူးနော်”

ဗိုလ်မှူးက လှမ်းအော်သည်။

တပ်မှူးလော က ကာဘိုင်သေနတ်ကို ကိုင်ကာ ထိုကားဆီသို့ တည့်တည့်မတ်မတ်လျှောက်သွား၏။

“စစ်ကူမလာခင်..နင်တို့ ကားတန်းအကုန်လုံးကို ပြာချခဲ့ပြီး ငါတို့ ပြန်ဝင်သွားလို့ရတယ်..သိရဲ့လား”

“မင်းတို့ နဲ့ ငါတို့ ညှိနှိုင်းရအောင်”

“အေး..ငါလည်း ညှိနှိုင်းဖို့လာတာပဲ..နင်က သိန္နီက ဗိုလ်မှူးမဟုတ်လား”

“အေး..ဟုတ်တယ်”

“ငါတို့ မမလေး နင်တို့ လက်ထဲမှာလား”

“အေး”

“အထက်ကို သတင်းပို့ပြီးပြီလား..အဲ့ဒီကိစ္စ”

“မပို့ရသေးဘူး..သိန္နီက တပ်ထဲမှာပဲ သူ့ကို ချုပ်ထားတယ်..အခုလည်း အဲ့ဒီကိစ္စ ကြေးနန်းမရိုက်သေးပဲ..လူကိုယ်တိုင် သတင်းသွားပို့ဖို့ ငါ လားရှိုးတက်လာတာ”

“နင့်မှာ စက်ပါတယ်မဟုတ်လား..စက်ပါရင်..နင့်လူတွေကို စက်တက်ခိုင်းပြီး..ငါတို့ မမလေးကို လွှတ်ပေး..အဲ့ဒီလို..လွှတ်ပေးရင်..နင်တို့ကိုဘာမှမလုပ်ပဲ..ငါတို့ပြန်မယ်”

ဗိုလ်မှူးက အတန်ငယ်စဉ်းစားနေသည်။

သူခေါင်းမာနေလျှင် အရင်သေမည့်က သူ။ သူတို့ကို သတ်ပြီးသည်နှင့် ဒီကိုးကန့်တပ်ဖွဲ့က အချိန်မရွေးကိုယ်ယောင်ဖျောက်သွားနိုင်သည်။

မြို့ပေါ်တွင်လည်း အစိုးရအပြောင်းအလဲကိစ္စများကြောင့် တပ်က ယခင်လို စစ်ကြောင်းကြီးများ ထိုးရန် အခြေအနေမရှိ။

အောလစ်ယန်းသည်လည်း ခြေချုပ်ဉပဒေကို ချိုးဖောက်မှုသာရှိပြီး ဘာမျှ ထူးထူးခြားခြား ပြစ်မှုပြစရာမရှိ။

ဗိုလ်မှူးက ဆက်သွယ်ရေးစက်ပေါ်သို့ လက်ကို တင်လိုက်သည်။

“မင်းတို့ တောင်းဆိုတာ…ငါ..လက်ခံတယ်”

………………………………………….

မာလိပါး တောင်တန်းထက်ဆီမှဆင်းလာသော ဂျစ်ကားသံသဲ့သဲ့။

မီးရောင်ရှည်မျောမျောက လောက်ကိုင်မြို့နှင့် တဖြည်းဖြည်းနီးကပ်လာနေသည်။

မြို့အဝင် တောင်ကုန်းကမူပေါ်မှ စစ်သားအချို့ ပြေးဆင်းလာ၏။

သူတို့၏ အနောက်တွင် ကိုးကန့်စော်ဘွားရန်ကျဲ့ချိုင် က စီးကရက်ကို သူ့ခြေထောက်ဖြင့် နင်းချေပြီး..စစ်သားများနောက်မှ အပြေးအလွှားလိုက်သွားသည်။

ဂျစ်ကားက ခပ်လှမ်းလှမ်းတွင် ရပ်လိုက်၏။

ကားပေါ်မှ ဆင်းလာသူက တပ်မှူးလေး လော။

“ယန်းအော့ရော..ဝေမန်”

တပ်မှူးလေးလောက ဂျစ်ကားပေါ်သို့ ညွှန်ပြလိုက်သည်။

မမလေးယန်းအော့က ဂျစ်ကားအနောက်ဖက်ခုံတွင် ခြေချိတ်ထိုင်လျက်။

“နင်း..ဘာကိစ္စ..မပြောမဆိုနဲ့..လားရှိုးတက်သွားရတာလဲ..ယန်းအော့”

မမလေး ယန်းအော့ က စီးကရက်တစ်လိပ်ကို သူမ၏ လက်မလက်သည်းခွံပေါ်တွင် ဖင်စီခံစောင့်ချလိုက်ရင်းမှ ပြန်ဖြေလိုက်သည်။

“ငါ…ခုနှစ်လွှာပေါက်စီကောင်းကောင်းစားချင်လို့..အကို”

ခက်ဇော်

အခန်း ၂၉ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>