NLD ပါတီ၊ ထားဝယ်တိုင်းရင်းသားများ ပါတီအပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းဟု စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင်ကြေညာ

0
2259

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ ထားဝယ်တိုင်းရင်းသားများပါတီတို့ အပါအဝင် ပါတီပေါင်း ၄၀ ကို ဖျက်သိမ်းလိုက်သည်ဟု စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ယနေ့ ကြေညာလိုက်သည်။

စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ကန့်သတ်ချက်များစွာထည့်သွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်တွင် အသစ်ပြဋ္ဌာန်းလိုက်သည်။

ဥပဒေပြဋ္ဌာန်းပြီး ရက် ၆၀ အတွင်း လက်ရှိတည်ဆဲနိုင်ငံရေးပါတီများမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ ပြန်လည် တင်ကြရမည်ဖြစ်ပြီး အသစ်ပြန်မတင်လျှင် အလိုလိုဖျက်သိမ်းခံရမည်ဟု ဖော်ပြထားသည်။

ရက် ၆ဝမှာ ယနေ့ မတ်လ ၂၈ ရက်တွင် ပြည့်မြောက်ပြီး ပြည်လည်မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီ ၄၀ ကို မတ်လ ၂၉ ရက်မှစတင်ကာ ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလာခြင်းဖြစ်သည်။

သို့သော် စစ်အာဏာသိမ်းမှုကို လက်မခံသည့် နိုင်ငံရေးပါတီများမှာ စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုသည့်အတွက် ထပ်မံမှတ်ပုံတင်ခြင်းမရှိဟု ဆိုကြသည်။

ယင်းကြောင့် မတ်လ ၂၈ ရက်နေ့အထိ မှတ်ပုံတင်ခြင်းမရှိသော NLD ပါတီ၊ ထားဝယ်တိုင်းရင်းသားများပါတီ အပါအဝင် နိုင်ငံ‌ရေးပါတီ ၄၀ ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

ထားဝယ်တိုင်းရင်းသားများပါတီကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။