ဝါးကျွန်းရွာ ပျူစောထီးခေါင်းဆောင်နှစ်ဦးကိုပစ်ခတ်ရှင်းလင်းလိုက်ပြီး လက်နက်ခဲယမ်းများမိကြောင်းထုတ်ပြန်

0
2448

ကော့သောင်းခရိုင်၊ ကရသူရိမြို့နယ်၊ မသေကျေးရွာအုပ်စု၊ ဝါးကျွန်းရွာက ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ကို ပစ်ခတ်ရှင်းလင်းလိုက်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယနေ့ မတ်လ ၂၇ ရက် နံနက် ၂ နာရီတွင် ဝါးကျွန်းရွာသို့ သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပျူစောထီးခေါင်းဆောင်နှစ်ဦးထံမှ AK 47 လေးလက်၊ ကျည်ဘောက် ငါးခု၊ M 16 တစ်လက်၊ ကျည်ဘောက် ၁၁ ခု၊ ဗုံးသီး လေးလုံး ရရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင် M 16 ကျည် ၁၇၀ တောင့်၊ AK ကျည် ၃၅၅ တောင့်နှင့် ဓါးရှည် နှစ်ချောင်း၊ ဖုန်း နှစ်လုံးအပါအဝင် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။

“ခေါင်းဆောင် နှစ်ယောက်ကို ပစ်သတ်လိုက်ပြီး (လက်အောက်) ငယ်သားတွေကိုတော့ လက်နက်ချခိုင်းပြီး လွှတ်ပေးလိုက်တယ်လို့ သိရတယ်” ဟု ဘုတ်ပြင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပစ်ခတ်ပြီးနောက် အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းဆိုသည်။

ဝါးကျွန်းကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိသည်။ ကမ်းနီးငါးဖမ်းလှေများမှာ ယင်းရွာအနီးတဝိုက်တွင် ငါး၊ ပုစွန်ဖမ်းကြသည်။