နေထိုင်ခွင့်ကတ်လုပ်ပေးမည်ဆိုကာ မြန်မာများထံမှ ငွေကောက်ခံနေသည့်ပွဲစားကို ထိုင်းရဲလာတား

0
2328

မဲဆောက်မြို့တွင် နေထိုင်ခွင့်ကတ်ပြုလုပ်ပေးမည်ဟုဆိုကာ မြန်မာအလုပ်သမားများထံမှ ဘတ်ငွေငါးသိန်း ထက်မနည်း ကြိုတင်ငွေကောက်ခံထားသော မြန်မာပွဲစားတစ်ဦးကို ယနေ့နံနက်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက လာရောက် ဟန့်တားကြောင်း မဲဆောက်ရှိ မြန်မာအလုပ်သမားရေးဆောင်ရွက်နေသူများထံမှ သိရသည်။

ကိုချာလီဟုလူသိများသည့် ပွဲစားသည် မြန်မာအလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ် ၁၇၀၀ ကျော်စီ ငွေကြိုတင် တောင်းယူထားကြောင်း ၎င်းတို့က ပြောသည်။

ယခုရက်ပိုင်းအတွင်းပင် အလုပ်သမားသုံးရာကျော်ထံမှ စုစုပေါင်း ဘတ်ငွေ ငါးသိန်းကျော် တောင်းယူထားပြီး ဖြစ်ကြောင်း မဲဆောက်တွင် မြန်မာအလုပ်သမားရေးကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

ကြိုတင်ငွေ ပေးထားရသည့် မြန်မာအလုပ်သမားများအရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်သေးကြောင်းလည်း ၎င်းက ပြောဆိုသည်။

ယင်းသို့ လုပ်ဆောင်ခြင်းမှာ တရားမဝင်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့နှင့် လဝကတို့က မြန်မာပွဲစားကို ယနေ့ လာရောက်တားမြစ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တရားမဝင်ဘူးဆိုပြီးတော့ လာနားခိုင်းလိုက်တာ။ ဖမ်းသွားလား မဖမ်းသွားလားတော့ မသိဘူးနော်။ ဒီနေ့ရှိနေတဲ့ သူတွေ (လာရောက်ဟန့်တားချိန် ပွဲစားဆီမှာ ရှိနေတဲ့ မြန်မာတွေ) ရဲ့ ပိုက်ဆံတွေတော့ ပြန်ပေးတယ်ပေါ့နော်။ ပိုက်ဆံပြန်မရတဲ့ သူတွေကတော့ ရှေ့နေဖွဲ့တစ်ဖွဲ့ကနေသူတို့ကို ပြောပါတဲ့။ သူတို့ပြန်တောင်းပေးပါ့မယ်တဲ့။ အဲဒီလိုပြောထားတယ်” ဟု ၎င်းကဆိုသည်။

ယနေ့တွင် ၎င်းပွဲစားဆီ၌ သွားရောက်ပြုလုပ်ခဲ့သော မြန်မာနိုင်ငံသားများသည် ပေးထားသော စရံငွေကို ပြန်လည် ရရှိခဲ့သော်လည်း ယခင်နေ့များတွင် ပြုလုပ်ထားသောသူများမှာ ပြန်ရ မရ တိတိကျကျမသိရသေးကြောင်း င် မြန်မာအလုပ်သမားရေးကူညီဆောင်ရွက်နေသူတို့က ပြောသည်။

ကိုချာလီဆိုသူသည် တောင်ပေါ်သားကတ်ဟုခေါ်သော ၁၀ နှစ်နေထိုင်ခွင့်ရသည့်ကတ်ကို ပြုလုပ်ပေးမည်ဟု ဆိုင်းဘုတ်ထောင် ကြေငြာထားသော်လည်း လက်တွေ့တွင် အလုပ်သမားကတ်ပြုလုပ်ရန်အတွက် ကြိုတင်ငွေ ကောက်ခံထားခြင်းသာဖြစ်ကြောင်း မဲဆောက်ရှိ အလုပ်သမားရေးဆောင်ရွက်သူ နောက်တစ်ဦးက ပြောသည်။

တောင်ပေါ်သားကတ်ဆိုသည်မှာ ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက် တောင်ပေါ်ဒေသတွင် ရွှေ့ပြောင်းလာရောက် အခြေချနေထိုင်ခြင်း အချိန်ကြာမြင့်နေပြီဖြစ်သည့် မြန်မာများကို နှစ်ရှည်နေထိုင်ခွင့်ပြုရန် ထုတ်ပေးသည့် ကတ်တစ်မျိုးဖြစ်သည်။

“ပန်းရောင်ကတ်ရမှာလိုလို ဆယ်နှစ်ခံကတ်ရမှာလိုလို လူတွေကို မလိမ့်တပတ်လုပ်တာ။ ဘတ် ခြောက်သောင်း ခုနှစ်သောင်းကုန်မယ့် ဆယ်နှစ်ခံကတ်ကို ဘတ် ၁၇၀၀ ကျော်နဲ့ ရမလား။ သေချာစုံစမ်းကြည့်မှ Work Permit အတွက်ကို စာရင်းကြိုကောက်ထားတာ။ တကယ်လုပ်ပေးတဲ့အချိန်ကျရင် ပွဲစားတွေနဲ့ အပြိုင်အဆိုင်လုပ်ချင်လို့ပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ပွဲစားချာလီကို ထိုင်းရဲတပ်ဖွဲ့များက ဖမ်းထားခြင်းရှိမရှိကို သေသေချာချာမသိရသေးပေ။

ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ်ဟုလူသိများသည် ယာယီနေထိုင် အလုပ်လုပ်ခွင့်လက်မှတ်အသစ် လုပ်ပေးရန် ထိုင်းအစိုးရက တရားဝင် ကြေညာထားခြင်းမရှိသေးသဖြင့် ပွဲစားများထံတွင် ကြိုတင်ငွေ မပေးချေထားရန် အလုပ်သမားရေးဆောင်ရွက်နေသူများက သတိပေးထားသည်။