သံဖြူဇရပ်တွင် ရိုဟင်ဂျာများ ဆက်တိုက်ဖမ်းဆီးခံနေရ

0
2277

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာအုပ်စု ဝင်းစိန်ကျေးရွာနှင့် ခလောက်ချကျေးရွာဝန်းကျင်တို့တွင် ရိုဟင်ဂျာများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံတောအတွင်း မတ်လ ၂၄ ရက်က ကလေးအပါအဝင် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး ၁၅၄ ဦး ဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက် မတ်လ ၂၅ ရက်တွင် ဝင်းစိန်ကျေးရွာအနီး၌ ရိုဟင်ဂျာ အမျိုးသား ၂၈ဦးနှင့် အမျိုးသမီးသုံးဦး ဖမ်းဆီးခံရသည်။

ယင်းအပြင် မတ်လ ၂၆ ရက်ကလည်း ခလောက်ချကျေးရွာတွင် ရိုဟင်ဂျာ အမျိုးသားကိုးဦးနှင့် အမျိုးသမီး ငါးဦး ထပ်မံဖမ်းဆီးခံရကြောင်း သံဖြူဇရပ်မြို့မရဲစခန်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်ဘက်မှ ရေလမ်းကြောင်းဖြင့် မွန်ပြည်နယ်သို့ရောက်ရှိလာပြီး ပွဲစားဖြင့် ထိုင်းနိုင်ငံ၊ ထိုမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန်ဖြစ်သည်ဟုလည်း သိရကြောင်း ၎င်းတို့က ပြောသည်။

လက်ရှိတွင် သံဖြူဇရပ်မြို့နယ်အားကစားကွင်းတွင် ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းနေကြောင်း ၎င်းတို့က ဆိုသည်။

“သူတို့က ထိုင်းကို သွားကြမယ်။ အဲဒီကနေတစ်ဆင့် မလေးရှားကို သွားကြမယ်လို့တော့ ပြောတယ်။ လက်ရှိကတော့ သူတို့ကို စစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲပါ” ဟု သံဖြူဇရပ်မြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းကလည်း သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီး ဓနိတောစပ်တစ်နေရာတွင် ရိုဟင်ဂျာလူမျိုး ၄၀ ဦး ဖမ်းဆီးခံခဲ့ရသေးသည်။

စုဆောင်းရရှိထားသည့် အချက်အလက်များအရ ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း မွန်ပြည်နယ် သံဖြူဇရပ်၊ မော်လမြိုင်၊ မုဒုံ အစရှိသည့်မြို့နယ်များသို့ ကုန်းလမ်း၊ ရေလမ်းတို့မှ ဝင်ရောက်လာသည့် ရိုဟင်ဂျာ ၃၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းတွင် ရိုဟင်ဂျာလူမျိုးများ ဖမ်းဆီးခံရမှု မကြာခဏရှိနေပြီး လမ်းခရီးတွင် သေဆုံးသဖြင့် အလောင်းစွန့်ပစ်ခံရမှုများလည်းရှိသည်။