သတိပေးချက် ‌စာတိုပို့သော်လည်း မှတ်ပုံမတင်သည့်ဖုန်းဆင်းကတ်များ ခေါ်ဆိုခွင့်ကန့်သတ်မည်ဟု ထုတ်ပြန်

0
3028

မှတ်ပုံတင်ရန် သတိပေးချက်စာတိုပို့သော်လည်း အချက်အလက်အမှန်ဖြင့် မှတ်ပုံမတင်သည့် ဖုန်းဆင်းကတ်များကို ဖုန်းခေါ်ဆိုခွင့် ကန့်သတ်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာများက အသီးသီးက ထုတ်ပြန်သတိပေးထားသည်။

အက်တမ်( ယခင်တယ်လီနော) ဆင်းကတ်အတွက် ATOM_SimReg ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အူရီဒူး(Ooredoo) ဆင်းကတ်အတွက် OML_Alret ခေါင်းစဉ်ဖြင့်လည်းကောင်း၊ MPT ဆင်းကတ်များအတွက် MPTSimAlert ခေါင်းစဉ်ဖြင့်လည်းကောင် မိမိဖုန်းသို့ မက်ဆေ့ပို့ထားခြင်းရှိ/မရှိ အရင်စစ်ဆေးရမည်ဖြစ်သည်။

စာတိုမက်ဆေ့များ ပေးပို့ထားသည်ကို တွေ့ရှိပါက မိမိမှတ်ပုံတင်နံပါတ်ဖြင့် ဆင်းကတ်မှတ်ပုံတင်ရမည် ဖြစ်သည်။

မှတ်ပုံတင်ခြင်း မလုပ်ဆောင်ပါက ထိုဆင်းကတ်သည် ဖုန်းအဝင်အထွက်ခေါ်ဆိုခြင်း၊ မက်‌ဆေ့ပို့ခြင်းများ ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း ဆက်သွယ်ရေးကုမ္ပဏီများက သတိပေးထားသည်။

အချို့သူများ၏ ဖုန်းဆင်းကတ်များထံသို့ အထက်ဖော်ပြပါခေါင်းစဉ်များဖြင့် မက်ဆေ့များ ဝင်ရောက်နေကြောင်းလည်း စုံစမ်းသိရှိရသည်။

“မှတ်ပုံမတင်ရင် ဖျက်ခံရမယ်လို့‌ပြောတယ်။ ကျွန်မက မလုပ်တတ်တော့ ဘယ်လိုလုပ်ရမလဲမသိသေးဘူး။ ဆိုင်ကိုသွားလုပ်ခိုင်းမှရမယ်ထင်တယ်” ဟု ထားဝယ်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

စစ်ရေးတင်းမာနေသည့်အချိန် ဆင်းကတ်ဖျက်သိမ်းခံရပြီး ဖုန်းအဝင်အထွက်ခေါ်ဆိုမရဘဲ မိတ်ဆွေ၊ ဆွေးမျိုးများနှင့်  အဆက်အသွယ်ပြတ်သွားမည်ကို စိုးရိမ်ကြောင်းလည်း ၎င်းအမျိုးသမီးကဆိုသည်။

ယင်းအပြင် အွန်လိုင်းငွေပေး၊ ငွေယူစနစ်ဖြင့်သည့် K Pay၊ Wave Money အကောင့်ထဲသို့လည်း ဝင်မရတော့ဘဲ ငွေကြေးဆုံးရှုံးမှုကဲ့သို့သော ပြဿနာများ ရင်ဆိုင်လာရနိုင်သည်။

စစ်ကောင်စီက ဖုန်းဆင်းကတ်များ မှတ်ပုံတင်ရန် ပြီးခဲ့သည့်နှစ်မှစပြီး ဖိအားပေးလုပ်ဆောင်လျက်ရှိသည်။

မှတ်ပုံတင်ထားခြင်းမရှိသည့်ဆင်းကတ်များ၊ မိမိနာမည်၊ မှတ်ပုံတင်နံပါတ်တို့ဖြင့် စနစ်တကျမှတ်ပုံမတင်ထားသည့် ဆင်းကတ်များကို စစ်ဆေးပြီး အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သတိပေးစာများ မကြာခဏထုတ်ပြန်လျက်ရှိသည်။

သို့သော်ပြည်သူများအကြား စိတ်ဝင်းစားမှုနည်းပါးလျက်ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။

“လူတွေက စကစက လုပ်တာဆိုရင် ဘယ်လိုပြောရမလဲ အရေးမလုပ်တဲ့ပုံစံမျိုး‌ရှိတဲ့အခါကျတော့ လူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်မရှိဘူး။ အဲဒါကြောင့်လည်း ဆင်းကတ်မှတ်ပုံလာတင်ခိုင်းတာတို့က အရမ်းနည်းတယ်” ဟု ၎င်းကဆိုသည်။

ဆင်းကတ်မှတ်ပုံတင်ရန် သတိပေးချက်မက်ဆေ့ပို့သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံမတင်ပါက ဖုန်းခေါ်ဆိုမှုဝန်ဆောင်မှုများရပ်ဆိုင်းမည်ဖြစ်ကြောင်း ဆက်သွယ်ရေး‌အော်ပရေတာအချို့က ထုတ်ပြန်ထားသည်။

ပြည်တွင်းဖုန်းဆက်သွယ်ရေးကုမ္ပဏီများသည် ရာပေါင်းများစွာသော ဆင်းကတ်များကို မှတ်ပုံတင်နံပါတ်တစ်ခုတည်းဖြင့် မှတ်ပုံတင်ကာ ဈေးကွက်ထဲရောင်းချသည်ကို လုပ်ဆောင်ခဲ့ဖူးသည်။