မဲဆောက်တွင် မြန်မာများနေထိုင်သည့် အဆောက်အအုံ ထိုင်းအာဏာပိုင်များ ဝင်စစ်ပြီး ၂ ဦးဖမ်းဆီး

0
2292

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပဒေသရှိ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူများ နေထိုင်ရာ လေးထပ်အဆောက်အအုံကို ထိုင်းအာဏာပိုင်များက မနေ့က (မတ် ၂၂)ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးသွားကြောင်း အကူညီပေးနေသူများထံမှ သိရသည်။

သို့သော် အဆောက်အအုံတွင် နေထိုင်သော ဒုက္ခသည်များကို ဖမ်းဆီးသွားခြင်းမရှိဘဲ ဒရုန်း ၈ ခုခန့်အပါအဝင် ပစ္စည်းများ သိမ်းဆည်းရမိသော အခန်းမှ မြန်မာ ၂ ဦးကို စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်သွားကြောင်း သိရသည်။

“ခဏခေါ်သွားတယ်လို့ ပြောသွားတာပေါ့နော်။ ပြီးပြန်ပို့ပေးမယ်တော့ ပြောသွားပါတယ်” ဟု အကူညီပေးနေသူတစ်ဦးက ဆိုသည်။

မြန်မာဒုက္ခသည် ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက CDM များရှိသလား၊ PDF များရှိသလား စသော မေးခွန်းများဖြင့် စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသား နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသကဲ့သို့ လက်နက်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိခဲ့သည်မှာ မဟုတ်ကြောင်း ထပ်မံသိရှိရသည်။

ထိုင်းအာဏာပိုင်များက အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများမရှိဘဲ အမိန့်အရ ဝင်ရောက်စစ်ဆေးခြင်းသာဖြစ်ပြီး မြန်မာဒုက္ခသည်များကို ထိုင်းဥပဒေစည်းမျည်းများကို လေးစားလိုက်နာရန်သာ ပြောကြားခဲ့ကြောင်း သိရသည်။

ယခင် အလုပ်သမားကတ် (ပန်းရောင်ကတ်) ရိုက်ပေးခါနီးအချိန်တွင် မြန်မာအများစုနေထိုင်ရာ စက်ရုံ၊ တန်းလျားနှင့် အဆောက်အအုံများကို ဝင်ရောက်စစ်ဆေးခဲ့ဖူးသည်များရှိသော်လည်း ယခုကဲ့သို့ ဒုက္ခသည်များ နေထိုင်ရာနေရာကို ဝင်ရောက်စစ်ဆေးခြင်းမျိုးကဲ့သို့မဆိုးရွားခဲ့ကြောင်း အကူညီပေးနေသူ တစ်ဦးကဆိုသည်။

ထိုင်းအာဏာပိုင်များ ဝင်စစ်ဆေးခဲ့သော လေးထပ်အဆောက်အအုံသည် ပြည်တွင်းအခြေအနေများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော ဒုက္ခသည်များ ခိုလှုံရာ နေရာတစ်ခုသာဖြစ်ကြောင်း New Myanmar Foundation ၏ အမှုဆောင်ဒါရိုက်တာတစ်ဦးက Facebook စာမျက်နှာတွင်လည်း ရေးသားထားသည်။

အဆိုပါ လေးထပ်တိုက်တွင် မြန်မာဒုက္ခသည် ၁၃၀ ခန့်ကို လွန်ခဲ့သော ဇူလိုင်လမှစ၍ ကူညီစောင့်ရှောက်ပေးထားခဲ့ကြောင်း သိရသည်။

၎င်းအဆောက်အအုံကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံး၊ ဒေသခံ စစ်တပ်၊ စစ်ရုံးချုပ်နှင့် ဝန်ကြီးချုပ်ရုံး များက အဖွဲ့စုံဆင်းကာ ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များဘက်က လက်နက်များ ရှိနေသည်ဟု သတင်းရရှိသဖြင့် လာရောက်စစ်ဆေးခြင်းဖြစ်ပြီး ၎င်းတို့ လိုချင်သော နာမည်ကိုသာ လာရှာခြင်းဖြစ်ကြောင်း သိရသည်။

ယခုလပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား အများစုရှိသောနေရာများ၊ အထူးသဖြင့် နယ်စပ်ခိုးဝင်လူများရှိသော နေရာများသို့ ရှာဖွေစစ်ဆေးနေခြင်းမျိုးရှိနေပြီး နေထိုင်ရာနေရာများအထိ လိုက်လံစစ်ဆေးနေမှုများရှိကြောင်း မဲဆောက်တွင် နေထိုင်သော မြန်မာနိုင်ငံသားများထံမှ သိရသည်။