လောင်းလုံး ညောပြင်ရွာ မီးရှို့ခံနေရ

0
2624

လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာသို့ ရေလမ်းကရောက်ရှိလာသည့် စစ်ကောင်စီတပ်က ရွာကိုမီးရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ မတ်လ ၂၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင် မီးရှို့နေခြင်းဖြစ်ပြီး ရွာထဲမှ မီးခိုလုံးများထွက်ပေါ်နေကြောင်း တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ဆိုသည်။

“စဝင်လာတုန်းက လက်နက်ကြီးပစ်တာတွေပါ ရှိတယ်။ အခုတော့ လက်နက်ကြီးပစ်သံ မကြားရတော့ဘူး။ ရွာကိုတော့မီးရှို့ထားလိုက်ပြီ” ဟု ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီက ပြောဆိုသည်။

စစ်ကောင်စီတပ်က လောင်းလုံးဘက်သို့ စစ်ကြောင်းထိုးနေသောကြောင့် ညောပြင်ဒေသခံများမှာ ကြိုတင်‌တိမ်းရှောင်နေကြသဖြင့် ရွာထဲတွင်လူမရှိသလောက်ဖြစ်နေကြောင်း ဒေသခံအချို့က ပြောသည်။

‌ပင်လယ်မှ ငါးဖမ်းပြီးပြန်လာသည့် ဒေသခံအချို့မှာ အဖမ်းခံထားရသည်ဟု ၎င်းတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ရေ‌လမ်းကြောင်းဖြင့် ယနေ့ နံနက်ပိုင်းက အောက်ကျောက်ဝပ်ရွာသို့ လှေဖြင့်ရောက်လာပြီး ယင်းမှတစ်ဆင့် ညောပြင်ကျေးရွာသို့ ကုန်ကြောင်းစစ်ကြောင်းထိုးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ညောပြင်ရွာနှင့် ၁၀ မိုင်ခန့်အကွာရှိ သကျက်တောရွာတွင်လည်း ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကြောင်းတစ်ကြောင်း ဝင်ရောက်လာပြီး ဒေသခံများကို စစ်ဆေးဖမ်းဆီးခြင်း၊ လူမရှိသည့်နေအိမ်များကို ရိုက်ဖျက်ခြင်းတို့လုပ်ဆောင်နေကြောင်း ဒေသခံအချို့က ပြောသည်။

သကျက်တောရွာရှိစစ်ကြောင်းမှာ မတ်လ ၁၆ ရက်ကတည်းက လောင်းလုံးမြို့တောင်ဘက် ရေဖြူကျေးရွာအုပ်စု၊ ကဒက်ကြီးကျေးရွာ၊ သပြေရှောင်ကျေးရွာတို့ကို ကုန်းကြောင်းအတိုင်း ဆက်တိုက်စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းမှာ ယနေ့ နံနက်ပိုင်းက သကျက်တောရွာသို့ ရောက်ရှိလာပြီး စစ်ဆေးဖမ်းဆီးခြင်းများလုပ်ဆောင်‌နေကြောင်း ဒေသခံအချိုက ပြောသည်။

သကျက်တောရွာတွင် စစ်‌ဆေးဖမ်းဆီးနေချိန် ညောပြင်ကျေးရွာသို့ ရေကြောင်းဖြင့် အခြားစစ်ကြောင်းတစ်ကြောင်းက ဝင်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောဆိုနေကြသည်။

‌ညောပြင်၊ သကျက်တောရွာအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။