ဖမ်းဆီးခေါ်ဆောင်ခံရသည့် မင်းထိန် ရွာသူရွာသားများ ပြန်မလွတ်သေး

0
2235

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံများကို စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှသိရသည်။

မတ်လ ၁၉ ရက်က မင်းထိန်ကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာပြီးနောက် အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားလေးဦးတို့အား ဖမ်းဆီးကာ ပုလောမြို့သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ပုလောမြို့ရှိ စစ်ကောင်စီတပ်ရင်းတွင် အစစ်ဆေးခံနေရသည်ဟု ကြားသိရကြောင်း ဒေသခံတို့က ဆိုသည်။  

“ဘယ်သူနဲ့မှလည်း ပေးမတွေ့ဘူး။ မျက်နှာတွေကိုလည်း အဝတ်နဲ့စည်းပြီး စစ်ဆေးနေတယ်လို့ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းတို့ကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။

စစ်ကောင်စီတပ်သည် မင်းထိန်ရွာဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားပြီး ရွာထဲက ရွာသားအချို့ကိုလည်း ဘုန်းတော်ကြီးကျောင်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ဆိုသည်။

“ယောင်္ကျားမိန်းမ အကုန်လုံးရွာထဲ မနေရဲတော့ဘူး။ တောထဲဝင်ပြေးပြီးနေကြရတယ်။ ဘာအလုပ်မှလည်း မလုပ်ကြရဘူး။ ဒုက္ခက တအားများတယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။

မင်းထိန်ရွာသည် ပုလောမြို့အနီးတွင်ရှိပြီး စစ်အာဏာသိမ်းကာလတလျှောက်လုံး တိုက်ပွဲဖြစ်ပွားမှု မရှိသေးသလို ပစ်ခတ်သတ်ဖြတ်မှုဖြစ်စဉ်များလည်း မရှိသေးသည့် ကျေးရွာဖြစ်သည်။ ရွာအနီးဝန်ကျင်တွင် မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဉ် အချို့ရှိခဲ့သည်။

သို့သော် ယင်းအနီးဝန်းကျင်ရှိ ကျေးရွာများတွင်မူ နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေသည်မှာ ကြာပြီဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်က မင်းထိန်ရွာနှင့် ပဝတ်ကုန်းရွာကြား လမ်းပိုင်းတနေရာတွင် စစ်ကောင်စီကား ရှစ်စီးဆင်းလာစဉ် ပဒေသာမိုင်း ၁၁ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁) လက်အောက်ခံ တောကြီးမြွှေဟောက်အဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်ကား သုံးစီးပျက်စီးသွားပြီး သေဆုံးဒဏ်ရာရသူများလည်း ရှိခဲ့သည်ဟု ဖော်ပြသည်။

ယင်းမိုင်းဆွဲမှုပြီးနောက် လေးရက်အကြာတွင် မင်းထိန်ရွာသို့ စစ်ကြောင်းဝင်ရောက်လာခြင်းဖြစ်သည်။