မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ကုန်ဖလှယ်သည့်နေရာကိုယာယီပိတ်မည်ဟု ထိုင်းဘက်ကသတိပေး

0
2256

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မောတောင် – စင်ခွန်းအထူးယာယီနယ်စပ်ဂိတ်ရှိ ကုန်ဖလှယ်သည့် နေရာအား ယာယီပိတ်သွားမည်ဖြစ်ကြောင်း သတိပေးခံရသည်။

ကုန်ဖလှယ်မှုများကို တာဝန်ယူဆောင်ရွက်နေကြသည့် ထိုင်းဘက်တွင် ကုန်သွယ်ရေးလုပ်နေသည့်ကုမ္ပဏီများကို ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင် ခရိုင်ဝန်ရုံးက သတိပေးထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါ သတိပေးထုတ်ပြန်ချက်အား ပရာကျွတ်ခီရီခန်ခရိုင် ခရိုင်ပြန်ကြားရေးဦးစီးဌာနက မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။

သန့်ရှင်းရေးနှင့် ရေဆိုးရေညစ်ကျဆင်းမှုများအား မထိန်းသိမ်းနိုင်လျှင် စနစ်တစ်ခုချမှတ်နိုင်သည်အထိ ကုန်စည်ဖလှယ်မှုကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်းဖြစ်ကြောင်း သတိပေးထားခြင်းဖြစ်သည်။

“အနံ့ဆိုးတွေ ထွက်တာက ရေခူတွေကနေကျတာ။ အေးခဲငါးတွေက ကျတာလည်းရှိတယ်။ ရေဆိုးတွေကျတာများတော့ ဒီလိုထုတ်ပြန်ချက်တွေ ဖြစ်လာတာ” ဟု မြိတ်ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူ တစ်ဦးက ပြောသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံ မဟာချိုင်ငါးဈေးတွင် လူခုနစ်ရာနီးပါး ကိုဗစ်ပိုးတွေ့ရှိပြီးနောက် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်မှ ကုန်သွယ်ခွင့်၊ လည်ပတ်ခြင်းနှင့် ဖြတ်သန်းသွားလာခွင့်တို့အား ထိုင်းဘက်က ရက်အကန့်အသတ်မရှိ ပိတ်ခဲ့သည်။

ယင်းနောက် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု အဆင်ပြေစေရန် ဂိတ်အနီး လူမနေသည့် နေရာတစ်ခုတွင် နေရာတစ်ခုသတ်မှတ်ပေးပြီး ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာတွင် ရေထွက်ပစ္စည်းများမှ ကျဆင်းသည့် ရေများ၊ အခြားစွန့်ပစ်ပစ္စည်းနှင့် အမှိုက်များကြောင့် အနံ့အသက်များ ဆိုးဆိုးရွားရွားဖြစ်လာခဲ့သည်ဟုဆိုသည်။

ထို့ကြောင့် ထိုင်းနယ်စပ်လုံခြုံရေး တာဝန်ထမ်းဆောင်နေသူများ၏ တိုင်ကြားမှုဖြစ်ပေါ်ခဲ့ပြီးနောက် ပရာကျွတ်ခီရီခန် ခရိုင်ဝန်ရုံးက သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်းကုမ္ပဏီများကလည်း မြန်မာဘက်က ကုန်ကားများက စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်များအား ပြန်လည် ယူဆောင် သွားခြင်းမရှိသည့်အတွက် အနံ့ဆိုးထွက်မှုများ ဖြစ်‌ပေါ်လာရခြင်းဖြစ်ပြီး အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်မည် ဖြစ်သည်ဟု ပြန်လည်အသိပေးထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နယ်စပ်ဂိတ်ရှိ ကုန်ဖလှယ်သည့်နေရာတွင် နေ့စဉ် ကုန်တင်ယာဉ်အစီးရေ ငါးဆယ်စီးခန့်ဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူအချို့ထံမှ သိရသည်။

မောတောင်-စင်ခွန်းနယ်စပ်ဂိတ်သည် မြိတ်ဒေသထွက် ရေထွက်ကုန်တို့အား ထိုင်းသို့တင်ပို့ရာတွင် နေ့ချင်းပြန် တင်ပို့နိုင်သည့်အတွက် အရေးပါသည့် နယ်စပ်ဂိတ်တစ်ခုဖြစ်သည်။