ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2501

ယခုအပတ် ရွှေဈေးမှာ ရုတ်တရက်ထိုးတက်သွားပြီး ထိုင်းဘတ်ဈေးလည်း တက်ရိပ်ပြခဲ့သည်။

ဓာတ်ဆီဈေးလည်း အလှုပ်အခတ် အနည်းငယ်ရှိခဲ့ပြီး တစ်လီတာလျှင် ကျပ်ဆယ်ဂဏန်းအထိ အပြောင်းအလဲရှိခဲ့သည်၊

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ခုန်တက်သွားသည့် ရွှေဈေး

ပြီးခဲသည့်အပတ်က အလှုပ်အခတ်နည်းခဲ့သည့် အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း ရုတ်တရက်ထိုးတက်သွားခဲ့သည်။

ပြီးခဲ့သည့်အပတ် သောကြာနေ့(မတ်လ ၁၀)က တစ်ကျပ်သားလျှင် ၂၈၂၀၀၀၀ (နှစ်ဆယ့်ရှစ်သိန်းနှစ်သောင်းကျပ်) သာ ရှိခဲ့သည်။

ယခုအပတ် တနင်္လာနေ့ (မတ်လ ၁၃  ရက်)တွင်မူ တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းငါးသောင်း (၂၈၅၀၀၀၀ကျပ်) ဖြင့် ဈေးဖွင့်ခဲ့သည်။

ယင်းနောက် တဖြည်းဖြည်းတက်လာပြီး သောကြာနေ့တွင်မူ  နှစ်ဆယ့်ရှစ်သိန်းရှစ်သောင်း (၂၈၈၀၀၀၀ ကျပ်)အထိ ဈေးတက်သွားခဲ့သည်။

ကမ္ဘာ့ရွှေဈေးခုန်တက်သွားသည့်အတွက် ပြည်တွင်းရွှေဈေးလည်း မြင့်တက်သွားခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံရှိ Silicon Valley ဘဏ်နှင့် Signature ဘဏ်တို့ ပြိုလဲသွားပြီးနောက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးမှာ တရိပ်ရိပ်တက်လာခြင်းဖြစ်သည်။

မတ်လ ၁၄ ရက်နေ့၏ ကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၁၁ ပေါက်ဈေးရှိနေသည်။ ပြီးခဲ့သည့် သုံးရက်ကမူ တစ်အောင်စလျှင် ၁၈၆၇ ဒေါ်လာသာ ပေါက်ဈေးရှိခဲ့သည်။

မတ်လ  ၁၈ ရက်နေ့ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၉၈၈ ဒေါ်လာ ပေါက်ဈေးရှိနေသည်။

ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် တဖြည်းဖြည်း တက်ရိပ်ပြလာသည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၂ ကျပ်စွန်းစွန်းရှိခဲ့ပြီး နောင်ရက်များတွင် ၈၃ ကျပ်စွန်းစွန်းအထိ  အပြောင်းအလဲရှိခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၉၈ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အတက်အကျရှိသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ နေ့စဉ်အတက်အကျရှိခဲ့ပြီး တစ်ပတ်အတွင်း တစ်လီတာလျှင် ၅၀ ကျပ် အထိ ဈေးအတက်အကျရှိခဲ့သည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၇၅ ကျပ် မှ ၂၂၂၅ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၇၅ ကျပ်မှ ကျပ် ၃၂၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

ခုန်တက်လာသည့်ရွှေဈေးမှာ လာမည့်အပတ်တွင် အပြောင်းအလဲရှိနိုင်သော်လည်း အမြင့်ဈေးတွင်ပင် ဆက်ရှိနေမည်ဟု  ခန့်မှန်းရသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ဒေါ်လာ ၂၀၀၀ နားကပ်နေပြီး တရိပ်ရိပ်တက်နေသည်။

ပြီးခဲ့သည့် အပတ်က ရွှေတစ်အောင်စလျှင် ၁၈၆၇ ဒေါ်လာ ဈေးပေါက်ခဲ့သည်။

အမေရိကန်ဘဏ်နှစ်ခု ပြိုလဲသည့်ဂယက်ကြောင့် လာမည့်အပတ်တွင်လည်း ရွှေဈေးမှာ ဂဏာမငြိမ်ဖြစ်နေမည့် အနေအထားတွင်ရှိကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း ကမ္ဘာ့ငွေကြေးတန်ဖိုး အပြောင်းအလဲနှင့် ရွှေဈေးတို့ကြောင့် တဖြည်းဖြည်း တက်ရိပ်ပြနေမည့် အနေအထားဖြစ်သည်။

ထိုင်းငွေတစ်ဘတ်လျှင် ၈၃ ကျပ်စွန်းစွန်း ပေါက်ဈေးရှိသည့် ငွေလဲနှုန်းသည် လာမည့်အပတ်တွင်လည်း ပြားစွန်းစွန်း အတက်အကျရှိနေမည်ဖြစ်သည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ဓာတ်ဆီပေါက်ဈေးမှာ ငြိမ်သလောက်ဖြစ်နေပြီး ဒေါ်လာငွေလဲနှုန်းမှာ အလှုပ်အခတ် နည်းနေသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၇၀ ကျပ် ဈေးပေါက်နေသည်။

သို့ရာတွင် ရုရှားသမ္မတပူတင်ကို နိုင်ငံတကာစစ်ရာဇဝတ်ဆိုင်ရာတရားရုံး (ICC)က ဖမ်းဝရမ်းထုတ်ခဲ့သည့် ကမ္ဘာ့ရေးရာ ဂယက်ကြောင့် စက်သုံးဆီဈေးမှာ အတက်အကျ ဖြစ်လာနိုင်သည်။