ထားဝယ်တွင် နှစ်ရက်အတွင်း ရွှေတစ်ကျပ်သား ကျပ်ခြောက်သောင်းအထိခုန်တက်

0
2359

အခေါက်ရွှေဈေးမှာ နှစ်ရက်တာကာလအတွင်း တစ်ကျပ်သားလျှင် ငွေကျပ်ခြောက်သောင်းအထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းနှစ်သောင်း (၂,၈၂၀,၀၀၀ ကျပ်) ဖြင့် ရက်အတန်ကြာ ဈေးငြိမ်နေခဲ့သည်။

ယင်းသို့ဈေးငြိမ်နေရာမှ မတ်လ ၁၃ ရက် (တနင်္လာနေ့) မှစကာ တစ်ကျပ်သားလျှင် ကျပ်သုံးသောင်းတက်လာပြီး ယနေ့တွင်လည်း ကျပ်သုံးသောင်းထပ်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ထို့ကြောင့် မတ်လ ၁၄ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်းပေါက်ဈေးအရ ရွှေတစ်ကျပ်သားလျှင် ၂၈၈၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။

ပြည်တွင်းရွှေဈေးမြင့်လာခြင်းမှာ ကမ္ဘာ့ရွှေဈေးတက်လာခြင်းကြောင့်ဖြစ်ကြောင်း ထားဝယ်မြို့မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၁၁ ပေါက်ဈေးရှိနေသည်။ ပြီးခဲ့သည့် သုံးရက်ကမူ တစ်အောင်စလျှင် ၁၈၆၇ ဒေါ်လာသာ ပေါက်ဈေးရှိသည်။

ထိုသို့ ဈေးတက်နေသော်လည်း ရောင်းအားဝယ်အားမှာ ပုံမှန်အတိုင်းသာရှိနေကြောင်း အထက်ပါရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် မြန်မာကျပ်ငွေကြေးအပေါ် ယုံကြည်မှုနည်းခြင်းနှင့် ငွေကြေးတန်ဖိုး ဆက်တိုက်ကျနေခြင်းများကြောင့် ရွှေဝယ်ယူကြသည့်အနေအထားမှာ ပုံမှန်ဖြစ်နေကြောင်း ၎င်းက ရှင်းပြသည်။

ထို့အပြင် ရွှေရောင်းဝယ်ကြသည့် ဖောက်သည်များမှာ သာမန်အားဖြင့် ရွှေဈေးအတက်အကျကိုမကြည့်ကြဘဲ ဝယ်ယူရောင်းချကြသည့်အတွက် ရွှေဈေးအတက်အကျနှင့် ဝယ်လိုအား တိုက်ရိုက်အချိုး မကျကြောင်းလည်း အဆိုပါ ရွှေဆိုင်ပိုင်ရှင်က ပြောဆိုသည်။

“ရွှေဆိုင်တွေကလေ ရွှေဈေးအတက်အကျထက် ကိုယ့်ဖောက်သည်တွေ အဆင်ပြေ မပြေနဲ့ အများကြီးသက်ဆိုင် တယ်။ ဝယ်ဖို့တက်လာတဲ့သူက ပိုက်ဆံထုပ်ပါလာပြီးပြီဆိုတော့ ရွှေဈေးတက်နေလို့ဆိုပြီး မဝယ်ဘဲ ဆင်း (ပြန်) သွားတာမျိုး မရှိတတ်ဘူး” ဟု ၎င်းက ပြောသည်။

အမေရိကန်နိုင်ငံရှိ Silicon Valley ဘဏ်နှင့် Signature ဘဏ်တို့ ပြိုလဲသွားပြီးနောက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးမှာ တရိပ်ရိပ်တက်လာခြင်း ဖြစ်သည်။