ဇင်းကျိုက်တွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

0
2348

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ ဖလပ်ကျေးရွာက ရာအိမ်မှူးတစ်ဦး ယနေ့ မတ်လ ၁၄ ရက် နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇင်းကျိုက်မြို့၊ ဖလပ်ကျေးရွာ အမှတ် (၂) ရပ်ကွက်နေ အသက် ၅၀ ဝန်းကျင်အရွယ် ရာအိမ်မှူး ဦးကျော်စိုးမိုး (ခေါ်) စတီးရိုးဆိုသူ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ ပြောသည်။

ဦးကျော်စိုးမိုးသည် ဆိုင်ကယ်ဖြင့် ဥတ္တံတားကျေးရွာဘက်မှ ဇင်းကျိုက်မြို့ဘက်သို့ ရန်ကုန်-မော်လမြိုင် ကားလမ်းအတိုင်း မောင်းနှင်လာနေစဉ် အနောက်မှ လူနှစ်ဦးက ဆိုင်ကယ်ဖြင့်လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရမှုကြောင့် ဦးကျော်စိုးမိုးသည် ဝဲနားထင်၊ ဝဲဘက်ရင်အုံ၊ လည်ပင်းနှင့် ဝမ်းဗိုက် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“သေနတ်သမားတွေက သူ့ဆိုင်ကယ်နောက်ကနေ လိုက်လာပြီး ပစ်ခတ်သွားတယ်။ ပွဲချင်းပြီး သေသွားတယ်” ဟု ပေါင်မြို့ခံတစ်ဦးက ပြောဆိုသည်။

ဦးကျော်စိုးမိုးအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရသေးပေ။

ဦးကျော်စိုးမိုး၏ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအသင်းတို့၏ အကူအညီဖြင့် ပေါင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းကလည်း ပေါင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီ (ခေါ်) ပေါပီ လက်ဖက်ရည်ဆိုင်တွင် သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် လာရောက်ပစ်သတ်သွားခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၂ ရက်က ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းဟောင်း ဦးကိုကိုလေးဆိုသူကို အထူးစစ်ဆေးရေးတပ်ဖွဲ့ (S.O.F) က ပစ်သတ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါင်မြို့နယ်အတွင်း၌ ပြည်သူ့စစ်၊ နိုင်ငံရေးပါတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်မှူးနှင့် အဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်းပေးဆိုသူများကို ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။