ထိုင်းသို့ တရားမဝင်လာသဖြင့် မြန်မာလုပ်သား ၅၀ ကျော် ဖမ်းဆီးခံရ

0
2417

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် သုံးရက်အတွင်း မြန်မာအလုပ်သမား ၅၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။

စူဖန်းဘူရီခရိုင် ဘန့်ပလားမားဒေသရှိ အဝေးပြေးလမ်းမပေါ်တွင် ပစ်ကပ်ကားတစ်စီးပေါ် လိုက်ပါလာသော တရားမဝင် မြန်မာအလုပ်သမား ၁၃ ဦးကို မတ်လ ၁၂ ရက် နေ့လည်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။

ဘန်ကောက်သို့ ဦးတည်နေသည့် ယင်းပစ်ကပ်ကားမှာ လိုင်စင်နံပါတ်ပြားမတပ်ထားသည့်အပြင် ကားအနောက်ပိုင်းကို ကင်းဗက်အနက်ရောင်ပိုင်းဖြင့် ဖုံးထားသည်ဟု ဆိုသည်။

တရားမဝင် အလုပ်သမားများ တင်ဆောင်လာနိုင်သည်ဟု သံသယရှိသဖြင့် အမြန်လမ်းရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေး ခဲ့ရာမှ မြန်မာအလုပ်သမား အမျိုးသား ကိုးဦးနှင့် အမျိုးသမီး လေးဦးတို့ကို ဖမ်းမိကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများကို တစ်ဦးလျှင် ဘတ် ၂၀၀၀ ဖြင့် တာခ့်ခရိုင် နောင်ဘိုတိုင်ဒေသမှတစ်ဆင့် ဘန်ကောက်သို့ ပို့ဆောင်ပေးရန် ပွဲစားတစ်ဦးက ဖုန်းဆက်ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခြင်းသည်ဟု ကားသမားက ရဲထံ ထွက်ချက် ပေးကြောင်း ဖော်ပြသည်။

အဆိုပါပွဲစား၏ ဆက်သွယ်မှုကြောင့် မြန်မာအလုပ်သမားများကို တရားမဝင်ပို့ဆောင်ပေးမှုမှာ သုံးကြိမ်အထိ ရှိပြီဟုလည်း ကားသမားက ထွက်ဆိုကြောင်းလည်း ဆက်လက်ရေးသားထားသည်။

ဖမ်ဆီးရမိခဲ့သော မြန်မာအလုပ်သမားများနှင့် ကားသမားကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ဘန်ပလားမားရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

မတ်လ ၉ ရက်ကလည်း ပထုန်ဌာနီခရိုင်ရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ပိုမှန်အလေးချိန်ထက် ပိုများနေသော ဗန်းကားတစ်စီးကို ရပ်တန့်စစ်ဆေးရာမှ ပြည့်ကြပ်စွာလိုက်ပါလာသော မြန်မာအလုပ်သမား ၁၈ ဦးကို ဖမ်းမိကြောင်း သတင်းများတွင် ဖော်ပြသည်။

၎င်းတို့ကို စမ်ခိုးရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

မတ်လ ၁၀ ရက်ကလည်း ပရာကျွတ်ခီရီခန်ခရိုင်တွင် မလေးရှားသွားမည့် မြန်မာအလုပ်သမား ၁၈ ဦးနှင့် လမ်းပြ ၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ကျောပိုးအိတ်တစ်လုံးတွင် မူးယစ်ဆေး ၁ ကီလိုဂရမ်နှင့် ဆေးအလုံးရေ ၂၀၀၀ ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြသည်။

၎င်းတို့သည် တနင်္သာရီနယ်စပ်မှတစ်ဆင့် တောလမ်းအတိုင်း တရားမဝင် ဝင်ရောက်လာကြခြင်းဖြစ်သည်ဟုဆိုသည်။

မလေးရှားသို့ သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် တစ်ဦးလျှင် ဘတ် ၄၅၀၀၀ အထိ ကုန်ကျမည်ဖြစ်ပြီး ဖမ်းဆီးပြီးနောက် အားလုံးကို ကလွန်းဝမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မတ်လအတွင်း ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများ ၂၀၀ ကျော်အထိ ရှိလာပြီဖြစ်သည်။

Ref: Matichon Online, FM 91, CH 7, Ban Muang