ရေဖြူ ဇာဒီရွာအနီး စစ်ကောင်စီတပ် တောနင်းရှာ၊ နေအိမ်တစ်လုံးလည်း ပိတ်သိမ်းခံရ

0
2549

ရေဖြူမြို့နယ် ဇာဒီကျေးရွာနှင့် ကျောက်ထရံရွာအကြား သီရီမင်္ဂလာဘုန်းကြီးကျောင်းအနီးရှိ ဥယျာဉ်ခြံများနှင့် တောစပ်များ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ မတ်လ ၁၃ရက် နံနက်ပိုင်းတွင် တောနင်းရှာဖွေနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇာဒီကျေးရွာအတွင်း မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများ လှည့်ပတ်သွားလာနေပြီး ရွာအထွက်ဂိတ်တွင်လည်း စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မတ်လ ၁၂ ရက်က ဇာဒီကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ ဦးလားလား၏နေအိမ်အား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့သည်။

ယင်းနောက် ကျေးရွာအနီးဝန်းကျင်တွင် စစ်ဆေးတင်းကျပ်လာပြီး ဒေသခံသုံးဦးလည်း ဖမ်းဆီးခံထားရသည်။

ဦးလားလားနေအိမ် ပစ်ခတ်ခံရသည့်နေ့က ဇာဒီကျေးရွာအနောက်ကုန်းရပ်ကွက်ရှိ ဦးဝင်းဘိုနှင့် ဒေါ်မိစုကမ်းတို့ နေအိမ်ကို စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး သော့ခတ်ပြီး ပိတ်သိမ်းသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

သော့ခတ်ပိတ်သိမ်းသွားသည့်နေအိမ်တွင်မူ လူမနေတော့သည်မှာ တစ်လခန့်ရှိနေပြီဖြစ်ကြောင်းဆိုသည်။

သော့ခတ်ပိတ်သိမ်းခံရသည့်နေအိမ်ပိုင်ရှင်၏သားဖြစ်သူမှာ ဖမ်းဆီးခံရဖူးပြီး ပြန်လွတ်လာခဲ့သူဖြစ်ကြောင်း ၎င်းဒေသခံက ပြောသည်။

“လူမနေတော့တာ တစ်လကျော်သွားပြီ။ သူ့သားက အရင်တုန်းကတစ်ခါ စစ်တပ်က ဖမ်းပြီးပြန်လွတ်လာတယ်။ အဲဒီနောက်ပိုင်း ရွာမှာမရှိတော့လို့ PDF လို့ သတ်မှတ်ပြီး အခုလို လာလုပ်တာဖြစ်နိုင်တယ်” ဟု ၎င်းကဆိုသည်။

လူမနေသဖြင့် သော့ခတ်ထားသည့်နေအိမ်အား အခြားသော့အသစ်တစ်ခုဖြင့် ပြောင်းခတ်သွားခြင်းဖြစ်ပြီး ချိတ်ပိတ်သိမ်းဆည်းသည်ဆိုသည့် စာပြားကတ်ထားခြင်းမူ မရှိကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

“အိမ်က ချိတ်ပိတ်တယ်ဆိုလို့လည်း ပြောရအောင် စာပြားတွေကပ်သွားတာမျိုးမရှိဘူး။ စစ်သားတွေ ရောက်လာပြီး သော့အသစ် ပြောင်းခတ်သွားတယ်။ အိမ်နီးနားချင်းတွေကို ဒီအိမ်တစ်ခုခုဖြစ်ရင် တာဝန်ရှိတယ်လို့ပြောခဲ့တယ်” ဟု ဇာဒီရွာအနောက်ကုန်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ယင်းအပြင် ဦးလားလားနေအိမ် ပစ်ခတ်ခံရသည့်နေ့တွင် ဇာဒီရွာက ကျန်းမာရေးမှူးဟောင်း (နိုင်ငံရေး အကျဉ်းသားဟောင်း) တစ်ဦးအပါအဝင် ဒေသခံ သုံးဦးလည်း အဖမ်းဆီးခံထားရသည်။

ယနေ့ မတ်လ ၁၃ ရက် နေ့လယ်ပိုင်းအထိ ၎င်းတို့ သုံးဦး ပြန်လည်လွတ်လာခြင်းမရှိသေးပေ။

ယင်းဖြစ်ရပ်များဖြစ်ပွားပြီးနောက် ယနေ့တွင်မူ စစ်ကောင်စီတပ်က ဇာဒီရွာအနီးဝန်းကျင်ရှိ တောစပ်များအတွင်း တောနင်းရှာဖွေနေခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။