ဇာဒီရွာတွင် ပျူစောထီးဆိုသူ၏နေအိမ်ပစ်ခတ်ခံရပြီးနောက် ရွာသားသုံးဦးဖမ်းဆီးခံရ

0
2405

ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စု သစ်လှတောရပ်ကွက်ရှိ ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ ဦးလားလား၏ နေအိမ် ယနေ့ မတ်လ ၁၂ ရက် နံနက် ၇နာရီဝန်းကျင်တွင် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

“မနက်စောစော အိမ်ကိုလာပစ်ကြတာ။ ဦးလားလားက ထွက်ပြေးသွားတော့ လူတော့မထိဘူး” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။

ဦးလားလားသည် ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လက ကံပေါက်နယ်မြေရဲစခန်းမှ ရေဖြူမြို့သို့ ရုံးချိန်းဆင်းသည့်ကား မိုင်းဆွဲခံရစဉ်က ပါဝင်ခဲ့သူဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရစဉ်က ဒဏ်ရာရရှိခဲ့သဖြင့် မောရဝတီ ရေတပ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ဖူးကြောင်း ဆိုသည်။

၎င်းအား မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။

ဦးလားလားနေအိမ် ပစ်ခတ်ခံရပြီးနောက် ယနေ့ နေ့လယ်ပိုင်းတွင် ဇာဒီကျေးရွာက ကျန်းမာရေးမှူးဟောင်း ဦးအောင်မင်း၊ သစ်လှတောရပ်ကွက်မှ ဒေါ်အောင်မဲနှင့် ၎င်း၏တူတော်စပ်သူ ကိုအောင်ကျော်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ‌ေ‌ဒသခံအချို့က ပြောသည်။

အဆိုပါဒေသခံတို့အား မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးပေ။

၎င်းတို့ သုံးဦးအနက် ဦးအောင်မင်းမှာ ဆန္ဒပြပွဲဦးဆောင်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ် မေလက ၅၀၅ ပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရပြီး လပိုင်းအကြာတွင် ပြန်လွတ်လာခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ဇာဒီကျေးရွာသား နှစ်ဦးကို စစ်‌ကောင်စီတပ်က ခေါ်ယူစစ်ဆေးပြီးနောက် ၂ ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။