ကျောင်းနိမ့်ရွာ လက်နက်ကြီးပစ်ခတ်ခံရပြီး ကလေးတစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရ

0
2490

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် တစ်ဦး အပါအဝင် ငါးဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မတ်လ ၁၂ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ပုလောမြို့ရှိ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ၎င်းတို့က ပြောသည်။

“ဒရုန်းနဲ့အရင် လာကြည့်ပြီး သိပ်မကြာဘူးပစ်တယ်။ ဒဏ်ရာရတဲ့ အမျိုးသားလေးယောက်မှာ ကလေးတစ်ဦးပါတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

လက်နက်ကြီးကျည်ထိမှန်ကာ နေအိမ်ငါးလုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ဆိုသည်။

နန်းတောင်၊ ကျောင်းနိမ့်၊ မှော်မိ၊ ဂျင့်ဂါ အုပ်စုဖက်သို့ စစ်ကောင်စီတပ်က ရိက္ခာဆန်ဆီ ဖြတ်တောက်ထားပြီး တိုက်ပွဲမဖြစ်ဘဲလည်း လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ရှစ်နှစ်အရွယ်ကလေးတစ်ဦးနှင့် အရပ်သား ရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့သေးသည်။

စစ်ကောင်စီတပ်က ပုလောနှင့် တနင်္သာရီမြို့နယ်တို့အား ဖေဖော်ဝါရီ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။