ထိုင်းတွင် မြန်မာဇနီးမောင်နှံ ဆိုင်ကယ်မှောက်ပြီးနောက် ကုန်ကားထပ်တိုက်ခံရပြီးသေဆုံး

0
2647

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ညစာအတွက် ဈေးလာဝယ်သည့် မြန်မာအလုပ်သမားဇနီးမောင်နှံ ဆိုင်ကယ်မှောက်ပြီး နောက် ၂၂ ဘီးတပ်တွဲကားကြီးက ထပ်မံဝင်တိုက်မိသဖြင့် သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မတ်လ ၇ ရက် ညနေ ၄ နာရီ ၅ဝမိနစ်ခန့်တွင် ချွန်ဘူရီခရိုင် စရီရာချာဒေသ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားဖြင့် တိုက်မိသဖြင့် ဦးခေါင်းခွံကြေမွဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သေဆုံးသွားသော မြန်မာဇနီးမောင်နှံမှာ အသက် ၃၀ နှစ်အရွယ် ကိုမင်းညွန့်နှင့် အသက် ၃၁ နှစ်အရွယ် နန်းအုံ့စန်တို့ ဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။

၎င်းတို့ဇနီးမောင်နှံသည် ‌ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ဆေးသုတ်သည့် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများဖြစ်ကြပြီး အလုပ်သမားအဆောင်တွင် နေထိုင်သူများဖြစ်ကြကြောင်း ဖော်ပြသည်။

ကုန်ကားမောင်းသည့် ထိုင်းနိုင်ငံသား ကားသမားက တိမ်းရှောင်ရန် ကြိုးစားသော်လည်း မလွတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံ ထွက်ဆိုသည်ဟု ဆိုသည်။

ကားသမားမှာ အခင်းဖြစ်နေရာတွင်ပင် စောင့်ဆိုင်းအဖမ်းခံခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာဇနီးမောင်နှံ၏ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့များက လမ်ချဘန်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကုန်ကားမောင်းသူကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: CH 3 Plus News, Khoasod Online, Top New