ကံပေါက်တွင် ညမထွက်ရအမိန့်အချိန်တိုးသတ်မှတ်

0
2467

ထားဝယ်ခရိုင် ကံပေါက်ဒေသတွင် စစ်ကောင်စီက ညမထွက်ရအမိန့်ကို မတ်လ ၇ ရက်ကစပြီး အချိန်သုံးနာရီ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ ည ၈နာရီမှ နံနက် ၅နာရီသို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့်ကာလဖြစ်သည်ဟုဆိုကာ ညမထွက်ရအမိန့်ကို တိုးမြှင့်သတ်မှတ်ခြင်းဖြစ် သည်ဟု စစ်ကောင်စီတပ်က မတ်လ ၇ ရက်တွင် ကားဖြင့် လိုက်လံကြေညာခဲ့ခြင်းကြောင်း ၎င်းတို့က ဆိုသည်။

ယင်းအပြင် ဆိုင်ကယ် မစီးရ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလတွင် ပွဲလမ်းသဘင်နှင့် ပျော်ပွဲရွှင်ပွဲများ မလုပ်ရ၊ စပီကာ အသံချဲ့စက်ဖွင့်ကာ ဆူညံသံ မပြုလုပ်ရ၊ လူ ၅ ဦးထက်ပိုမစုရ စသည့်တို့ကိုပါ တင်းကျပ်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။

ညမထွက်ရအမိန့်ကြောင့် နံနက်စောစော သွားလာရသည့် ငါးရောင်းဝယ်သူများ၊ ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း ကံပေါက်ဒေသမှ ငါးရောင်းဝယ်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

“ဈေးရောင်းသွားသမားတွေဆို ၅ နာရီထိုးမှဆို အသွားအလာ အခက်အခဲအများကြီးပေါ့ခင်ဗျား။ ကျွန်တော်တို့လည်း တစ်နေ့လုပ်မှ တစ်နေ့စားသမားတွေဆိုတော့” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က ကံပေါက်ဒေသကို တင်းကျပ်လာသဖြင့် သွားရေးလာရေးအတွင် အခက်အခဲများစွာရှိလာကြောင်း ကုမ္ပဏီဝန်ထမ်းအမျိုးသားတစ်ဦးက ပြောသည်။

“အခုဆို နည်းနည်းကျပ်လာတယ်။ အစတုန်းကလိုမျိုးတော့ သွားလာလို့ မရတော့ဘူးပေါ့။ အခုဆို ည ၈ နာရီမပြောနဲ့ ည ၆ နာရီခွဲ ၇ နာရီဆို လူကိုမရှိတော့ဘူး။ အစတုန်းကဆို ၇ နာရီထိုးလောက်ထိကို နည်းနည်းပါးပါး သွားလာ နေကြတယ်” ဟု ၎င်းက ဆိုသည်။

ဆိုင်ကယ်စီးခွင့် ပိတ်ထားသောကြောင့်လည်း သွားလာရာတွင် အခက်အခဲကြုံတွေ့ရကြောင်း ကံပေါက်ဒေသတွင် အလှပြင်ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ဆိုင်ကယ်မစီးရဘူးဆိုတော့ ဘေးတွဲတွေနဲ့ သွားနေရတာပေါ့နော်။ အဲ့ဒီအခက်အခဲတစ်ခုပဲရှိတယ်။ ဘာလို့ဆို ည ၇ နာရီကျော်လောက်ဆို လမ်းမှာ လူသွားလူလာ နည်းနည်းပဲရှိတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ရက်တွင် ကံပေါက်ဒေသ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက ဆိုင်ကယ်စီးခွင့်ပိတ်ပင်ကာ စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

စနစ်ဟောင်းဖြင့် နောက်ဆုံးအကြိမ်စစ်ဆေးသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ မတ်လ ၈ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဖြေဆိုရန်လျှောက်ထားသူ ၄၃၀၃ ဦးအနက် ၃၉၀၇ ဦးလာဖြေကြောင်း တိုင်းပညာရေးမှူးရုံးမှ သိရသည်။

တနင်္သာရီတိုင်းတွင် ကံပေါက်ဒေသအပါအဝင် စာစစ်ဌာန ၁၉ ခုရှိသည်။