ကော့သောင်း-ရနောင်းနယ်စပ်ဂိတ် ယနေ့စဖွင့်၊ သွားလာသူနည်းပါး

0
2581
ပုံစာ − ကော့သောင်း နယ်စပ်ဂိတ်မှ ထိုင်းဘက်ခြမ်း ရနောင်းသို့ ၂၀၂၂ ခုနှစ် ဇွန်လက သွားရောက်ကြစဥ်။

ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကို နှစ်နိုင်ငံစလုံးက ယနေ့(မတ် ၇)တွင် စတင်ဖွင့်လှစ်လိုက်သော်လည်း သွားလာသူ မရှိ‌သလောက် နည်းပါးနေသေးကြောင်း စုံစမ်းသိရှိရသည်။

နှစ်နိုင်ငံနယ်စပ်ဂိတ်ကို တရားဝင်ဖွင့်လှစ်လိုက်သဖြင့် နိုင်ငံကူးလက်မှတ်ရှိသူများ၊ ထိုင်းနိုင်ငံကထုတ်ပေးသည့် CI စာအုပ် ( မည်သူ၊ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ရှိသူများပါ နယ်စပ်ဂိတ်မှ တရားဝင်ဖြတ်သန်းသွားလာခွင့် ရရှိပြီဖြစ်သည်။

၂၀၂၂ မတ်လကမူ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MOU) အလုပ်သမားများကို ကော့သောင်း ရနောင်းနယ်စပ်မှ ဖြတ်သန်းခွင့်ပြုခဲ့သည်။

၂၀၂၂ ဇွန်လတွင်မူ ကော့သောင်းဒေသခံများသာ ဖြတ်သန်းသွားလာခွင့်ရှိသည့် Border Pass ( ရက်တိုနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်) ရှိသူများကို ဖြတ်သန်းခွင့်ပြုခဲ့သည်။

ယင်းကြောင့် မြန်မာဘက်ခြမ်းကသူများသာ ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းသို့ သွားခွင့်ရှိပြီး ထိုင်းဘက်ခြမ်းမှ မြန်မာဘက်သို့ တရားဝင် ဖြတ်သန်းခွင့်မရှိသေးခြင်းဖြစ်သည်။

ယခု ၂၀၂၃ မတ်လ ၇ ရက်တွင်မူ ပြည်တွင်းမှ နိုင်ငံကူးလက်မှတ်ရှိသူများ၊ မြန်မာနိုင်ငံသားများအတွက် ထိုင်းနိုင်ငံဘက်က ထုတ်ပေးထားသည့် CI စာအုပ် ကိုင်ဆောင်သူများ၊ နိုင်ငံခြားသားများပါ နှစ်နိုင်ငံနယ်စပ်ဂိတ်မှ တရားဝင်ဖြတ်သန်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။

သို့သော် စတင်ခွင့်ပြုသည့်နေ့တွင် နိုင်ငံကူးလက်မှတ်၊ CI စာအုပ်တို့ဖြင့် ဖြတ်သန်းသွားလာသူ မရှိသလောက်နည်းပါးနေကြောင်း ကော့သောင်းမြို့နယ် လဝကရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဒီနေ့စဖွင့်တယ်ဆို‌ပေမယ့် ရနောင်းဖက်က မဖွင့်သေးလို့လားတော့ မပြောတတ်ဘူး။ ဖြတ်သန်းသွားလာတာ မရှိသေးဘူး” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ကော့သောင်း ရနောင်းပြေးဆွဲနေသည့် လှေသမားတစ်ဦးကလည်း Border Pass ခေါ် ရက်တို နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ဖြတ်သန်းသွားလာနေသူများသာရှိကြောင်း ပြောဆိုသည်။

“ပုံမှန် သွားနေကြတဲ့သူတွေပဲရှိတယ်။ Passports တွေနဲ့သွားကျွန်တော်တို့မသိဘူး” ဟု ၎င်းကဆိုသည်။

ရွေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ရွှေ့ပြောင်းအလုပ်သမားအရင်းအမြစ်စင်တာ(ကော့သောင်း) တာဝန်ခံ ဦးမိုးဝေကလည်း Passport ဖြင့် နယ်စပ်ဖြတ်သန်းနေသူမတွေ့ရသေးကြောင်း ဆိုသည်။

“မနက်က ကျွန်တော်သွားကြည့်ရတဲ့ အနေအထားအရတော့ သွားလာတာ သိပ်မရှိသေးဘူး။ Border Pass စာအုပ်တွေနဲ့သွားနေကြတာတော့တွေ့တယ်” ဟု ၎င်းကဆိုသည်။

မြန်မာဘက်မှ နပ်စပ်ဂိတ်ဖွင့်လိုက်ပြီဖြစ်သော်လည်း ထိုင်းဘက်ခြမ်းတွင် အခက်အခဲတစ်စုံတစ်ရာရှိနေနိုင်သဖြင့် ဗီဇာ၊ Passport စာအုပ်များဖြင့် ဖြန်သန်းသူမရှိသေးခြင်းဖြစ်နိုင်ကြောင်း ကော့သောင်းလဝကရုံးတာဝန်ရှိသူနှင့် ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ(ကော့သောင်း) တာဝန်ခံတို့က ခန့်မှန်းနေကြသည်။