ကျွန်းစုတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
2534

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု မြိုင်သာကျေးရွာက အမျိုးသားသုံးဦးဖမ်းဆီးခံရပြီး တစ်ဦး ပစ်သတ်ခံရကြောင်း ယင်းကျေးရွာ‌နေသူအချို့ထံမှ သိရသည်။

မြိုင်သာကျေးရွာသား အသက် ၃၀ နှစ်ကျော်အရှိ ကိုခင်ချိုဆိုသူမှာ မတ်လ ၆ရက် ည ၉ နာရီခန့်တွင် နေအိမ်၌ ရှိနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။

ရွာအတွင်းက နောက်ထပ်အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။

ယင်းနောက် ကိုခင်ချိုမှာ ပစ်သတ်ခံရပြီး ကျန်နှစ်ဦးကိုမူ ပြန်လွှတ်ပေးလိုက်ကြောင်း မြိုင်သာရွာသားတစ်ဦးက ပြောသည်။

“ရွာကနေခေါ်သွားပြီး ဘန္ဒနဲရွာတံတားထိပ်မှာ ပစ်သတ်ခံလိုက်ရတယ်။ ခေါ်သွားတဲ့ သုံးယောက်မှာ နှစ်‌ယောက်ပဲ ပြန်ရောက်လာတယ်” ဟု ၎င်းက ပြောဆိုသည်။

ကိုခင်ချိုသည် ကဏန်းချေးပုံး (ကဏန်းသေးတစ်မျိုး) လုပ်ငန်းအပါအဝင် ရေထွက်ကုန်ပစ္စည်းများ ဝယ်ယူ ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး စီးပွားရေးအသင့်အတင့်ပြေလည်သူဖြစ်ကြောင်း ရွာသားအချို့က ဆိုသည်။

၎င်းကို ယခင်ကလည်း လက်နက်ကိုင်အဖွဲ့တစ်ခုက နှစ်ကြိမ် လာရောက်ခေါ်ဆောင်ခဲ့ဖူးပြီး ယင်းအချိန်က ပြန်လွှတ်ပေးခဲ့ကြောင်း ကျေးရွာသားအချို့၏ ပြောဆိုချက်အရ သိရသည်။

“နောက်ဆုံးတစ်ခေါက် သူ့အစ်မ (ကိုခင်ချို၏ အစ်မ) ကို တစ်ခါလာခေါ်ဖူးသေးတယ်။ အခုသူ့ကို ဘာကြောင့် သတ်လဲ မသိဘူး” ဟု မြိုင်သာရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

ကိုခင်ချိုကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကို မသိရသေးပေ။

အသတ်ခံရသည့် အမျိုးသား၏ ရုပ်အလောင်းအား မြိုင်သာရွာတွင် ထားရှိထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မြိုင်သာရွာသည် မြိတ်မှ ရေလမ်းမှ စက်လှေဖြင့် သွားလျှင် လေးနာရီခန့် သွားရသည်။