ကော့သောင်း၊ ဝိုင်ဒင်းရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးကျဆုံး

0
2597

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ ၄ ရက် နံနက် ၈ နာရီခန့်က ဝိုင်ဒင်းရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ပါကလပ် (ထိုင်းဘက်ခြမ်းက ရွာ) မှာရှိတဲ့ စစ်ဘေးရှောင်တွေကို စကစ (စစ်ကောင်စီ) တပ်က သွားခေါ်ပြီးနောက် သိပ်မကြာဘူး ချက်ချင်းဝင်ချတယ်ကြားတယ်။ အဝေးက လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာပစ်ပြီးမှ ဝင်တိုက်တာလို့ သိရတယ်။ အလစ်အငိုက်မိသွားတယ်လို့ ကြားရတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦးရှိသည့်အနက် ကျန်ခြောက်ဦးမှာ လွတ်မြောက်သွားသည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကော့သောင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ထားခြင်း မရှိသေးပေ။

စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိသည့် လူမှုကွန်ရက်စာမျက်နှာများတွင်မူ ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးသည့်အပြင် သေနတ် ၅ လက်၊ ကျည်တောင့် ၂၀၀၊ လက်လုပ်မိုင်း ၃၈ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု ရေးသားထားကြသည်။

ဝိုင်ဒင်းကျေးရွာသည် ထိုင်းမြန်မာနယ်စပ်ရှိ ရှမ်းကိုးရွာထဲမှ ရွာတစ်ရွာဖြစ်ပြီး ဝိုင်ဒင်းအပါအဝင် အေးမြမင်္ဂလာကျေးရွာ၊ တပ်ဦးမြိုင်သာယာကျေးရွာတို့ကို ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် ကော်သူးလေတပ်မတော်တို့က ထိန်းချုပ်ထားကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်က ကြေညာခဲ့သည်။

ယင်းနောက် နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၀၀ ကျော်မှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

 မြန်မာစစ်ကောင်စီနှင့် ထိုင်းအစိုးရတို့၏ ဖိအားပေးမှုကြောင့် မတ်လ ၄ ရက်တွင် ပြန်ပို့ခံရပြီး စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်က သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။