ရေးမြို့နယ်တွင် သေနတ်ပစ်ခတ်ပြီး ဆိုင်ကယ်လု၊ အမျိုးသမီးငယ်တစ်ဦးကျည်ထိမှန်

0
2454

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျိုက်မင်ဝကမ်းခြေတွင် ယနေ့ မတ်လ ၄ ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်နှင့် လက်ဝတ်လက်စားများ လုယက်မှုဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

လမိုင်းမြို့၊ သောင်ပြင်ကျေးရွာ ကျိုက်မင်ဝကမ်းခြေတွင် ယနေ့ နံနက် ၁၁ နာရီကျော်က ဖြစ်ပွားခြင်းဖြစ်သည်။

အမျိုးသားနှင့် အမျိုးသမီး လူငယ်နှစ်ဦး ဆိုင်ကယ်စီးနေစဉ် အနောက်က အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့်လိုက်လာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ လုယူထွက်ပြေးခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ဆိုင်ကယ်အနောက်တွင် လိုက်ပါစီးနင်းလာသည့် အမျိုးသမီးငယ် ဝမ်းဗိုက်ကျည်ထိမှန်သွားသဖြင့် သောင်ပြင် လူမှုကယ်ဆယ်ရေးအသင်းကားဖြင့် လမိုင်းဆေးရုံမှတစ်ဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးလိုက် ကြောင်း ဒေသခံတို့က ဆိုသည်။

“အမျိုးသမီးငယ်က ဝမ်းဗိုက်မှာ သေနတ်ထိသွားတယ်။ ဒဏ်ရာက စိုးရိမ်ရတဲ့အနေအထားပါ” ဟု သောင်ပြင်ရွာခံတစ်ဦးက ပြောဆိုသည်။

လုယက်ခံရသည့် လူငယ်နှစ်ဦးသည် လမိုင်းမြို့ မော့ကနင်ကျေးရွာမှဖြစ်ပြီး အသက် ၂၃ နှစ်နှင့် ၁၉ နှစ် အရွယ်တို့ဖြစ်ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

လုယက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ စုံစမ်းမှုများ လုပ်ဆောင်လျက်ရှိပြီး လုယက်သူနှစ်ဦးကို မဖမ်းမိသေးကြောင်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။

လမိုင်းမြို့တဝိုက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ခိုးမှု လုယက်မှုပိုမိုများပြားလာပြီး သေနတ်ဖြင့် ခြိမ်းခြောက်ပြီး လုယက်မှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံတို့က ပြောသည်။