တနင်္သာရီ၊ ဆင်ခြေဖုံးရွာအုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

0
2405

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၅ နာရီခွဲဝန်းကျင်တွင် လက်နက်ကိုင်နှစ်ဦးက ပစ်ခတ်သွားပြီး ယင်းနေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

“တနင်္သာရီမြို့မှာ ညသွားအိပ်ပြီး သူနေတဲ့ လယ်တောင်ရွာသို့အပြန် ရွာ (အုပ်ချုပ်ရေးမှူး) ရုံးရှေ့မှာ ပစ်သတ်ခံရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူးသည် ဆင်ခြေဖုံးကျေးရွာအုပ်စု လယ်တောင်ရွာသား အသက် ၄၅ နှစ်အရွယ် ဦးရန်နိုင်စိုးဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

“သေတာမှန်တယ်။ ဘယ်နှစ်ချက်အပစ်ခံရတယ်ဆိုတာတော့မသိဘူး” ဟု တနင်္သာရီ ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူးအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကိုမူ မသိရသေးပေ။

လယ်တောင်ကျေးရွာသည် တနင်္သာရီမြို့အနီးရှိ ကျေးရွာဖြစ်ပြီး တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်တွင် ရှိသည်။