မလေးရှားသွားမည့် မြန်မာလုပ်သား ၁၀၀ ကျော် ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

0
2644

မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၁၀၁ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်ဒေသတွင် ဖေဖော်ဝါရီလ ၂၄ ရက်က ဖမ်းမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကားတစ်စီးလုံးကို တာလပတ်ပိုင်းဖြင့်ဖုံးထားသော ဆယ်ဘီးတပ် ကုန်တင်ကားတစ်စီးသည် နံနက် ၂နာရီခန့်တွင် စစ်ဆေးရေးဂိတ်ကို ရှောင်ကာ ရွာအတွင်းမောင်းနှင်လာခဲ့ပြီးနောက် အချိန်ကြာကြာ ရပ်တန့်ထားခဲ့ကြောင်း ရေးသားထားသည်။

မသင်္ကာသဖြင့် ရွာသားတစ်ဦးက ရွာလူကြီးကို တိုင်ကြားခဲ့သဖြင့် လာရောက်စစ်ဆေးရာ ကား၏ အနောက်ဘက်တွင် မြန်မာအလုပ်သမား ၁၀၀ ကျော်ကို အုပ်စုလိုက် တွေ့ရှိခဲ့ရသဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ကြောင်း ဖော်ပြသည်။

ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၁၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံသား ကားသမားနှင့် အကူတစ်ဦးတို့ကိုပါ ဖမ်းမိခဲ့ကြောင်း ဖော်ပြထားသည်။

ကားတွင် သဲများဖြင့် ခင်းထားသည်ကို တွေ့ရှိခဲ့ရပြီး အလုပ်သမားများ အညစ်အကြေး စွန့်ရန် ခင်းထားခြင်းဖြစ်နိုင်သည်ဟု သတင်းတွင် ရေးသားထားသည်။

ကားသမားကို စစ်ဆေးရာ မြန်မာအလုပ်သမားများကို တနင်္သာရီနယ်စပ်ဖြစ်သော ပရာကျွတ်ခီရီခန်ခရိုင် ဆင်ခွန်း နယ်စပ်မှတစ်ဆင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် စဒေါင်းဒေသသို့ ပို့ဆောင်ပေးရန် ရည်ရွယ်ထားကြောင်း ထွက်ဆိုကြောင်း ဖော်ပြသည်။

အဆိုပါကားသည် ဟတ်ယိုင်ဒေသ စစ်ဆေးရေးဂိတ်ကို ရှောင်ကာ ရွာထဲမောင်းနှင်ခဲ့ပြီး နောက်ပွဲစားကို စောင့်နေစဉ်တွင် ကားဘတ်ထရီကုန်သွားခဲ့သည်ဟု ဆိုသည်။  

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားကို ထိုင်းအာဏာပိုင်များက အစားအသောက်ကျွေးမွေးခဲ့ပြီး တရားမဝင် ဝင်ရောက်မှုအတွက် ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

 အဆိုပါလူအုပ်စုလိုက် လူကုန်ကူးခဲ့သူများကို ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာစဉ်တွင် ယခုဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများ ၆၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်။

Ref: MGR Online, Hat Yai Focus, Khaosod Online