ဈေးသွားရောင်းသည့်အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

0
3453

ထားဝယ်မြို့နယ် မြေးခန္တီကျေးရွာဘက်သို့ ဈေးသွားရောင်းသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောသည်။

ဖေဖော်ဝါရီလ ၂၁ ရက် နံနက်ပိုင်းက မောင်မယ်ရှောင်ရွာသား ဦးသန်းဇော်ဆိုသူနှင့် ဇနီးဖြစ်သူ ဒေါ်မီးနန်းတို့မှာ မြေးခန္တီကျေးရွာဘက် ငါးရောင်းသွားပြီး အပြန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ထားဝယ်မြို့နယ် သစ်ကတုံးရွာနှင့် ထန်းတလုံး‌ရွာကြား ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ဆိုင်ကယ်နှစ်စီးနဲ့ လင်မယားနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ပဲ။ အမျိုးသားက နောက်ကလိုက်လာနေတုန်းမှာ ပစ်ခံရတယ်” ဟု ၎င်းက ပြောဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးသန်းဇော်တွင် လက်မောင်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည့်အတွက် ပခတ်အင်း ဘုန်းတော်ကြီး၏ကားဖြင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။

ဦးသန်းဇော်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။

၎င်းတို့ ဇနီးမောင်နှံသည် ထားဝယ်မြို့နယ်၊ မြေးခန္တီ၊ သစ်ကတုံး၊ ထန်းတစ်လုံးစသည့် ဒေသများတွင် လာရောက် ဈေးရောင်းလေ့ရှိသည်မှာ ဆယ်နှစ်နီးပါးရှိပြီဖြစ်ပြီး အေးဆေးနေတတ်သူများဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါမြေးခန္တီကျေးရွာအုပ်စုသည် ထားဝယ်မြို့၏ အရှေ့မြောက်ဘက်တွင်ရှိသည်။