စစ်ကောင်စီခန့်ဝန်ကြီး၏ ကုမ္ပဏီ KNU ထိန်းချုပ်နယ်မြေတွင်ဟိုတယ်ဆောက်ရန်ပြင်

0
2887

စစ်အာဏာရှင်စနစ်အား ခုခံတွန်းလှန်မှု အရှိန်မြင့်နေချိန်တွင် တနင်္သာရီတိုင်း စစ်ကောင်စီခန့် တိုင်းရင်သားရေးရာဝန်ကြီးစောမာတင်လူသာပိုင် ကုမ္ပဏီက KNU မြိတ်-ထားဝယ် ခရိုင် တပ်မဟာ (၄) ထိန်းချုပ်နယ်မြေအတွင်း ဟိုတယ်ဆောက်ရန် စိုင်းပြင်းလျက်ရှိသည်။

ဝန်ကြီး စောမာတင်လူသာ ဒါရိုက်တာအဖြစ် ပါဝင်နေသည့် Luminous Star’s (Hti Khee) ကုမ္ပဏီက ထိုင်းမြန်မာနယ်စပ် ထီးခီးဒေသတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေးတွင်Luminous Star’s နှင့် K L P (Hti Khee) ကုမ္ပဏီတို့က ထိုင်း-မြန်မာနယ်စပ် အမြားကျေးရွာတွင် ဟိုတယ်ဆောက်လုပ်ခွင့်နှင့် ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြသည်။

စောမာတင်လူသာမှာ လက်ရှိ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်ဆင့် ၂၀၂၀ ရွေးကောက်ပွဲဝင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။

ထို့အပြင်ကရင်အမျိုးသားအစည်းအရုံး ဗဟို၏ ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ တူတော်စပ်သူလည်း ဖြစ်ပြီး တနင်္သာရီတိုင်း ကရင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ထိုစဉ်ကတည်းကKNU တပ်မဟာ (၄) နယ်မြေအတွင်း စီးပွားရေး လုပ်ငန်းလုပ်ကိုင်လိုပါက စောမာတင်လူသာ ၏ ထောက်ခံချက် ယူရလေ့ရှိကြောင်း ယုံကြည်စိတ်ချရသည့် ကရင်သတင်းအရင်းအမြစ်တစ်ခုထံမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) မှတ်တမ်းအရ Luminous Star’s (Hti Khee) ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မှတ်ပုံတင်ထားပြီး စောမာတင်လူသာအပါအဝင် ဒါရိုက်တာသုံးဦးပါဝင်သည်။

နောက်ကုမ္ပဏီဖြစ်သည့် K L P (Hti Khee) ကို ယင်းနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မှတ်ပုံတင်ထားပြီး နော်ဒိုင်နာ(Naw Dai Nar) ဆိုသည့် အမျိုးသမီးတစ်ဦးတည်းကို ဒါရိုက်တာအဖြစ်ဖော်ပြထားသည်။

ထူးခြားချက်မှာ အထက်ပါကုမ္ပဏီနှစ်ခုစလုံး၏ ရုံးခန်း လိပ်စာမှာ တစ်ခုတည်း ဖြစ်နေခြင်း ဖြစ်သည်။ ယင်းကုမ္ပဏီနှစ်ခုစလုံး၏ လိပ်စာမှာ အမှတ် (၂၄)၊ ရေနန်းတောင် ကျောင်းလမ်း၊ ဗျောတောဝရပ်ကွက်၊ ထားဝယ်မြို့တွင် ဖွင့်လှစ်ထားကြောင်း DICA အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဟိုတယ်ဆောက်ရန် စီစဉ်နေသည့် အမြားကျေးရွာအုပ်သည် ထီးခီးမြို့ပြစီမံကိန်း အကောင်အထည်ဖော်ရန် လျာထားသည့်ဒေသတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်နှင့်လည်း နယ်နိမိတ်ထိစပ်နေသည်။

KLP ကုမ္ပဏီသည် မြေဧရိယာ ၆.၅၀ ဧကနှင့် Luminous Star’s ကုမ္ပဏီကမြေဧရိယာ ၁၀ ဧကပေါ်တွင် ဟိုတယ်နှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းကိုလည်းကောင်း အကောင်အထည် ဖော်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

ထို့အပြင် စောမာတင်လူသာ ဒါရိုက်တာအဖြစ်ပါဝင်နေသည့် နောက်ထပ်ကုမ္ပဏီ တစ်ခုမှာ ဆာကပရေထူး ကုမ္ပဏီလီမီတက်ဖြစ်သည်။

ထီးခီးဒေသတွင်ပင် ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန်ဟုဆိုကာ ဖွင့်လှစ်ထားသောယင်းကုမ္ပဏီကို အခြားမြန်မာနိုင်ငံသား နှစ်ဦး၊ ထိုင်းနိုင်ငံသား တစ်ဦးတို့နှင့် အတူ ဒါရိုက်တာ အဖြစ် ပူးတွဲ တာဝန်ယူထားသည်။

ယင်းကုမ္ပဏီသည် ဂရမ်းထီးခီး နှင့် ရှန်ဂရီလာ ကာစီနို ပျော်ပွဲစားရုံ ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း Dawei Watch စုံစမ်းထောက်လှမ်း သတင်း တင်ဆက်ခဲ့ပြီး ဖြစ်သည်။

ဆာကပရေထူး၏ဒါရိုက်တာ အဖွဲ့ဝင်များစာရင်းတွင် မြန်မာနိုင်ငံသားများအဖြစ် ဘချော၊ စောမာတင်လူသာ၊ စောတင်စိုး တို့နှင့် အတူ ထိုင်းနိုင်ငံသား Tanakorn Jiraphasuksakul တို့ ပါဝင်သည်။

ဘချောမှာKNU တပ်မဟာ (၄) အောက်ရှိ KNDO တပ်ရင်း ၇ ၏ တပ်ရင်းမှူး ဖြစ်ပြီး ဗိုလ်ဘချောအဖြစ် လူသိများသူ ဖြစ်သည်။ ယခင်က တပ်မဟာ (၄) လမ်းပန်းဆက်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ တာဝန်ရှိသူ ဖြစ်ပြီး ထီးခီးနယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းတွင် နာမည်ကြီးသူ ဖြစ်သည်။

စောတင်စိုးမှာKNU မြိတ်-ထားဝယ်ခရိုင် (တပ်မဟာ ၄) ၏ အတွင်းရေးမှူး ဖြစ်ပြီး ပဒို အယ်နား အဖြစ် လူသိများသူ ဖြစ်သည်။ မြိတ်-ထားဝယ်ခရိုင်၏ လယ်ယာမြေ၊ သစ်တော တာဝန်ခံ လည်းဖြစ်သည်။

လက်ရှိ KNUဗဟို၏ ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း မြိတ်-ထားဝယ် ခရိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့စဉ်က ပဒို အယ်နားမှာ ရုံးပိုင်းဆိုင်ရာ တာဝန်ရှိသူဖြစ်သည်။

စစ်ကောင်ခန့်ဝန်ကြီးနှင့် KNU တပ်မဟာ ၄ ခေါင်းဆောင်ပိုင်းများ ပူးတွဲပိုင်ဆိုင်သည့်ဆာကပရေထူး ကုမ္ပဏီသည် ထီးခီးတွင် ရှန်ဂရီလာ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန သတင်းအရင်း အမြစ်တစ်ဦးက Dawei Watch သို့ အတည်ပြုပြောဆိုထားသည်။

ရှန်ဂရီလာ ပျော်ပွဲစားရုံ (Entertainment Complex) နှင့် ဂရမ်းထီးခီးတောင်ကြား အပန်းဖြေစခန်း ကိုလည်း အထက်ပါ ကုမ္ပဏီက ပူးတွဲပိုင်ဆိုင်ကြောင်း ၎င်းက ဆိုသည်။

ထိုကဲ့သို့ စီးပွားရေးအရ ဆက်နွယ်နေကြသည့် အခင်းအကျင်းတွင် စစ်ကောင်စီခန့်ဝန်ကြီး ပိုင်ဆိုင်သည့်ကုမ္ပဏီက KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေတွင် ဟိုတယ်ဆောက်ရန် ပြင်ဆင်နေကြောင်း စစ်ကောင်စီက တရားဝင် ထုတ်ပြန်လာခြင်းဖြစ်သည်။