ဦးထွန်းမင်းလတ်နှင့် ထိုင်းလွှတ်တော်အမတ်ကြား အတွင်းကျကျ ပတ်သက်နေဟု လွှတ်တော်တွင်ဆွေးနွေး

0
2805

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုများဖြင့် တရားစွဲခံထားရသော မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်နှင့် ထိုင်းလွှတ်တော်အမတ် ဥပကစ်ပါချမ်ရီယန်ခွန်းတို့ အတွင်းကျကျ ပါဝင်ပတ်သက်နေသည်ဟု ထိုင်းလွှတ်တော်တွင် ထုတ်ဖော်ခဲ့ကြောင်း Prachatai သတင်းဌာနက ဖော်ပြထားသည်။

ထိုင်းအတိုက်အခံပါတီဖြစ်သော Move Forward Party (MFP) မှ လွှတ်တော်အမတ် ရန်စီမန်ရွမ်း က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သော လွှတ်တော်ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးထွန်းမင်းလတ်နှင့် ပတ်သက်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည့် ရန်စီမန်ကိုလည်း လွှတ်တော်အမတ် ဥပကစ်က အသရေဖျက်မှုဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တရားပြန်စွဲထားခဲ့သည်။

ဆွေးနွေးချက်တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချာအိုချာသည် အကျင့်ပျက် ခြစားနေသော ခေါင်းဆောင်တစ်ချို့နှင့် ပါဝင်ပတ်သက်နေသူဖြစ်ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အမှုများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းမည်ဟူသော ကတိပေးချက်ကိုလည်း လျစ်လျူရှုထားနေသည်ဟု စွပ်စွဲထားခဲ့သည်။

ထိုင်းလွှတ်တော်အမတ် ဥပကစ်သည် ထိုင်းအခြေစိုက် Allure Group ကုမ္ပဏီကို တည်ထောင်ခဲ့သူလည်းဖြစ် ရှယ်ယာလုပ်ငန်းရှင်ဟောင်းလည်းဖြစ်ကာ ဦးထွန်းမင်းလတ်နှင့်အတူ မြန်မာနိုင်ငံအခြေစိုက် Allure Group ကို ပူးပေါင်းတည်ထောင်ခဲ့သူလည်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဦးထွန်းမင်းလတ်နှင့်အတူ ဖမ်းဆီးတရားစွဲခံထားရသော ဥပကစ်၏ သမက်ဖြစ်သူမှာ ကုမ္ပဏီနှစ်ခုစလုံး၏ ရှယ်ယာရှင်ဟောင်းတစ်ဦးလည်းဖြစ်ကာ ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ဦးထွန်းမင်းလတ်နှင့် ထိုင်းနိုင်ငံသား ၃ ဦးကို Allure Group ကုမ္ပဏီကိုအသုံးပြုပြီး လျှပ်စစ်ဝယ်ယူမှုကို အကြောင်းပြထားကာ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ငွေကြေးများကိုခဝါချရန် လုပ်ဆောင်ခဲ့မှုအတွက် တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်သည်။

၎င်းတို့ ၄ ဦးကို ထိုင်းအကျဉ်းထောင်တစ်ခုတွင် ဖမ်းဆီးထားဆဲဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ရန်စီမန်က ထိုင်းလွှတ်တော်အမတ် ဥပကစ်နှင့် အမှုတွင် သက်ဆိုင်နေသူများ၏ အွန်လိုင်းအတွင်း ပြောဆိုထားမှုများ‌ ပေါက်ကြားလာသည်ကို ချပြခဲ့သည်။

ဥပကစ်မှာ ဖမ်းဆီးခံထားရသူများအထဲမှ ‘P’ ဆိုသူတစ်ဦးကို Allure P&E ကို မှတ်ပုံတင်ဖို့ စေခိုင်းခဲ့ခြင်း၊ ‘P’ မှလည်း ဥပကစ်ကို ၎င်း၏ ရှယ်ယာဝင်ငွေအချက်အလက်ကို ကုမ္ပဏီ၏ ငွေစာရင်းရှင်းတမ်းနှင့်အတူ ပြန်ပို့ပေးထားခြင်းများကို ဆွေးနွေးပွဲတွင် ရန်စီမန်က ချပြခဲ့သည်။

ပြောဆိုမှုများတွင် ‘P’ ဆိုသူက ဥပကစ်ကို ‘Boss’ ဟု သုံးနှုန်းထားပြီး အဆိုပါပေါက်ကြားလာခဲ့သော အွန်လိုင်းပြောဆိုမှုများမှတစ်ဆင့် ဥပကစ်သည် ကုမ္ပဏီ၏ လိုဂိုဒီဇိုင်းများမှတစ်ဆင့် ရုံး၏ တည်နေရာများအထိ ပါဝင်ပတ်သက်နေသည်ကို ပြသနေကြောင်း ရန်စီမန်က ဆိုခဲ့သည်။

ထိန်းသိမ်းခံထားရသော ‘P’ ဆိုသူသည် သူမနေဖြင့် ကုမ္ပဏီ၏ ရှယ်ယာများကို အခြားသူများကိုယ်စား ထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) သို့ ပြောကြားထားသည်။

ယင်းအပြင် ဖမ်းဆီးခံထားရသော ဦးထွန်းမင်းလတ်က ၎င်းနှင့်အတူဖမ်းဆီးစစ်ဆေးခံနေရသော ‘N’ ဆိုသူကို ကုမ္ပဏီဘုတ်အဖွဲ့ဝင်တစ်ဦးအဖြင့် ထည့်သွင်းပေးရန် ဥပကစ်ထံသို့ တောင်းဆိုခဲ့သည်ဟုလည်း ပေါက်ကြားလာခဲ့သည်။

ဦးထွန်းမင်းလတ်မှ ဥပကစ်ထံသို့ ‘Ou’ ဟုအမည်သုံးကာ လျှပ်စစ်ဓါတ်အားဝယ်ယူမှုအတွက် ဘဏ်စလစ်ဖြတ်ပိုင်း ပေးပို့ထားသည်ကို တွေ့ရှိခဲ့ရသည်။

လက်ရှိတွင် ဖမ်းဆီးခံရခြင်းမရှိသေးသော Allure Group ကုမ္ပဏီ၏ အဓိက ရှယ်ယာရှင် အွန်လိုင်းလောင်းကစား သူဌေးတစ်ဦးဖြစ်သူ၏ လက်မှတ်ကို အတုပြုလုပ်ပေးရန် ဥပကစ်က ဦးထွန်းမင်းလတ်ကို ပြောကြားခဲ့သည်ဟု ရန်စီမန်က ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါပြောဆိုမှုတွင် ဥပကစ်မှ အွန်လိုင်းလောင်းကစားသူဌေး၏ နိုင်ငံကူးလက်မှတ်မိတ္တူကိုလည်း ပူးတွဲပေးပို့ထားကြောင်း သိရသည်။

အဆိုပါပြောဆိုမှုများသည် ဥပကစ်လွှတ်တော်အမတ်တာဝန်ယူထားချိန်ဖြစ်သော ၂၀၂၀ ခုနှစ်- ၂၀၂၁ ခုနှစ် ကာလအတွင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း ရန်စီမန်က ဆိုထားသည်။

စီးပွားဖက် ဦးထွန်းမင်းလတ်နှင့်ထိုင်းနိုင်ငံသား ၃ ဦးကို စက်တင်ဘာတွင် ဖမ်းဆီးခဲ့ပြီး လွှတ်တော်အမတ်ဖြစ်သူ ဥပကစ်နှင့် ဆက်နွယ်နေသော အချက်အလက်များရှိနေခဲ့သဖြင့် အောက်တိုဘာ ၃ ရက်နေ့တွင် ဥပကစ်ကို ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း နာရီပိုင်းအတွင်း ပြန်လည်ရုတ်သိမ်းခဲ့သည်။

 အကြောင်းအရင်းမှာ ဥပကစ်သည် ဖမ်းဆီးခံရမည့်သူမဟုတ်ဘဲ အရေးကြီးပုဂ္ဂိုလ်အနေဖြင့် ဆင့်ခေါ်ရမည်သူ ဖြစ်နေခဲ့ကြောင်း ရန်စီမန်က ထောက်ပြခဲ့သည်။

၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံ တာချီလိတ်မြို့အနီးတွင် Allure Resort တည်ဆောက်ရန်အတွက် ဥပကစ်အား ဦးထွန်းမင်းလတ်ဖခင်ဖြစ်သူမှ ကူညီပေးထားခဲ့ကြောင်း Justice for Myanmar ၏ ဖော်ပြချက်ကို ကိုးကားကာ ရန်စီမန်က ဆိုခဲ့သည်။

အဆိုပါနေရာတွင် ကယ်စီနိုလောင်းကစားများနှင့် ဖျော်ဖြေရေးလုပ်ငန်းများ ရှိနေပြီး ဝင်ငွေ၏ ၆ ရာခိုင်နှုန်းကို စစ်ကောင်စီထံသို့ တိုက်ရိုက်စီးဝင်နေသဖြင့် ဥပကစ်၏ စီးပွားရေးလုပ်ငန်းသည် စစ်ကောင်စီအတွက် အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း ၎င်းက ဆိုခဲ့သည်။

အဆိုပါဆက်နွယ်မှုများကို ပြောကြားခဲ့ပြီးနောက် ဘန်ကောက်ရှိ ဥပကစ်ပိုင်သော မြေကွက်အကြောင်း ဆက်လက်ဆွေးနွေးခဲ့ကာ ၎င်းမြေကွက်တွင် ဝန်ကြီးချုပ် ပရာယွတ် ဝင်ရောက်ထားသော ပါတီအသစ် Ruam Thai Sang Chart ၏ ရုံးခန်းနေရာဖြစ်နေခဲ့ကြောင်း ဆိုခဲ့သည်။

လွှတ်တော်အမတ်ဖြစ်သူ ဥပကစ် ထံမှ အချိန်ကြာရှည်စွာ အကျိုးအမြတ်ရရှိနေသူဖြစ်ပြီး သူ့ကို ဆက်လက်အသုံးချချင်တဲ့သူဟာ ဝန်ကြီးချုပ် ပရာယွတ်ချာအိုချာ သာဖြစ်ကြောင်း ရန်စီမန်က ဆိုခဲ့သည်။