သထုံတွင် ကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံး

0
3074

ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်ရှိ မွန်ပြည်နယ်၊ သထုံမြို့နယ် ကမာစိုင်ရွာသစ်ကျေးရွာ လမ်းဝတွင် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ကုန်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး တိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံးသွားကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် စားသောက်ကုန်များ တင်ဆောင်လာသည့် ဟိုင်းလတ်ယာဥ်တစ်စီး သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာစဥ် ကမာစိုင်ရွာသစ်ကျေးရွာ လမ်းဝအရောက်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီး ကားမှာလမ်းဘေးထိုးဆင်း တိမ်းမှောက်သွားကြောင်း သိရသည်။

ပစ်ခတ်ခံရပြီး တိမ်းမှောက်သွားသည့်ကားမှ ယာဥ်မောင်းဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကိုနိုင်မင်းထွန်း (ခ) ဝက်ကလေးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

“ကားက အပစ်ခံရပြီးတော့ လမ်းဘေးကို ထိုးကျသွားတာ ရွာသစ်ကျေးရွာအဝင်ဇရပ်ကို ဝင်တိုက်ပြီးတော့ ရပ်သွားတယ်။ ယာဥ်မောင်းကတော့ ကားမှာပိမိပြီး သေဆုံးနေတယ်၊ ကားမှာတော့ ကျည်ရာတွေကြီးပဲ” ဟု သထုံဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီယာဥ်တန်းကို KNLA ပူးပေါင်းအဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေစဥ် စားသောက်ကုန်တင်ယာဥ်မှာ အရှိန်ဖြင့်မောင်းနှင်လာ၍ ကျည်ထိမှန်ပြီး ယာဥ်မောင်း သေဆုံးသွားခဲ့ခြင်းဟု KNU (ကရင်အမျိုးသား အစည်းအရုံး) ဘက်က ပြောဆိုထားသည်။

သေဆုံးယာဥ်မောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဆူးတက်ကျေးရွာမှဖြစ်ပြီး ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့၏ အကူအညီဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းကလည်း သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအ‌နီး ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် မိုင်းပေါက်ကွဲပြီး ကုန်ပစ္စည်းများ တင်ဆောင်လာသည့် အန်စာတုံးယာဉ်တစ်စီး ထိခိုက်ပျက်ဆီးခဲ့သည့်ဖြစ်စဥ် ရှိခဲ့သည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် မုပ္ပလင်ကျေးရွာတွင် ဇန်နဝါရီ ၂၅ ရက်နေ့က ဘုရားဖူးယာဉ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးကာ၊ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့သည်။

ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းရှိ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်မှုတွေ၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုများအပြင် အရပ်သားကား ပစ်ခတ်ခံရမှုများလည်း မကြာခဏ ဖြစ်ပွားနေသည်။