ကမ္ဘာ့ရွှေဈေးထိုးကျသော်လည်း ပြည်တွင်းရွှေဈေးမကျ

0
2835
ထားဝယ်မြို့ရှိ ရွှေဆိုင်အချို့ကို တွေ့ရစဉ်

ကမ္ဘာ့ရွှေဈေးမှာ ထိုးကျနေသော်လည်း ပြည်တွင်းဈေးနှုန်းမှာ အတက်ဈေးတွင်ပင် ဆက်ရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။

ယခုနှစ် ဇန်နဝါရီလနှောင်းပိုင်းက ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၉၂၈ ဒေါ်လာရှိရာမှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ၁၈၄၀ ဒေါ်လာသာ ဈေးဖွင့်ထားသည်။

ထိုကြောင့် တစ်လတာကာလအတွင်း ရွှေတစ်အောင်စလျှင် ၈၈ ဒေါ်လာ (လက်ရှိငွေဈေးအရ ကျပ်ငွေ နှစ်သိန်းခွဲကျော်) ဈေးကျသွားခဲ့သည်။

တစ်အောင်စလျှင် ၁၉၂၈ ဒေါ်လာ ဈေးပေါက်ချိန်က ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ၂၈ သိန်းဝန်းကျင် ပေါက်ဈေးရှိနေသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးကျနေချိန်တွင်လည်း ပြည်တွင်းရွှေဈေးမှာ နှစ်ဆယ့်ရှစ်သိန်းခွဲဝန်းကျင်ဖြင့် ဈေးဖွင့်ရောင်းချနေကြကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

နိုင်ငံရေးတည်ငြိမ်သည့် သာမန်အခြေအနေမျိုးတွင် ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းပေါက်ဈေးမှာ ထပ်တူအချိုးကျလေ့ရှိသော်လည်း စစ်အာဏာသိမ်းပြီးချိန်မှစကာ ရွှေပေါက်ဈေးကို မှန်းဆ၍မရတော့ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

လက်ရှိအခင်းအကျင်းအရ ကမ္ဘာ့ရွှေဈေးတက်ချိန် ပြည်တွင်းဈေးလိုက်တက်ပါက စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ)က စစ်ဆေးမေးမြန်းခြင်းခံရပြီး ဖမ်းဆီးနေသည့်အနေအထားရှိကြောင်း ၎င်းက ပြောသည်။

ကမ္ဘာ့ရွှေဈေးကျချိန် ပြည်တွင်းဈေး မကျခြင်းမှာ ရွှေလုပ်ငန်းရှင်ကြီးအချို့၏ လက်ဝါးကြီးအုပ်ချုပ်ကိုင်မှုများကြောင့် ဖြစ်ကြောင်း အထက်ပါရွှေဆိုင်ပိုင်ရှင်က ရှင်းပြသည်။

“လူတစ်စုက ရွှေလောကကို လက်ဝါးကြီးအုပ်ထားပြီး သူတို့ဈေးမချရင် မကျတဲ့သဘောမျိုးပါ”ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့တွင်ပင် အခေါက်ရွှေကိုလက်ဝါးကြီးအုပ်ထားပြီး ဈေးကစားနေသော ရွှေဆိုင်ပိုင်ရှင်မဟုတ်သူ အနည်းဆုံးသုံးဦးရှိကြောင်း အဆိုပါရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

“ရွှေဆိုင်ရောင်းတာမဟုတ်ဘဲ အခေါက်သီးသန့်ကစားတာမျိုးပါ။ အဲဒီထဲ တစ်ယောက်ယောက်က ခရီးထွက်လို့ နားလိုက်တာမျိုးဆိုရင် ဈေးက ပေါက်ဈေးထက် ပိုအီသွားတာမျိုးပါ”ဟု ၎င်းက ပြောသည်။

ထားဝယ်ဈေးကွက်အတွင်း ဖေဖော်ဝါရီလ ၁၆ ရက်(ယနေ့) နေ့ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းလေးသောင်းငါးထောင်ကျပ် ဈေးဖွင့်ထားသည်။

လက်ရှိ ရွှေအရောင်းအဝယ်မှာ အာဏာမသိမ်းမီအချိန်ထက် သုံးပုံနှစ်ပုံခန့် ရောင်းအားကျသွားကြောင်း အဆိုပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

ထားဝယ်မြို့တွင် ရွှေဆိုင်ပေါင်း တစ်ရာနီးပါးရှိသည်။