တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2861

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ မှ ၁၁ ရက်နေ့အထိ

အာဏာသိမ်းကာလတွင် အမျိုးသမီး ၄၀၀ကျော်သေဆုံး၊ ၂၇၀၀ကျော်ဖမ်းဆီးခံရ

ပုံစာ – စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြရာတွင် ပစ်ခတ်ခံရသဖြင့် ပထမဆုံးသေဆုံးခဲ့သည့် မမြသွဲ့သွဲ့ခိုင်။ Photo – AP

မြန်မာနိုင်ငံတွင် အာဏာသိမ်းကာလ ၂နှစ်အတွင်း အမျိုးသမီး ၄၁၄ဦး သေဆုံးပြီး ၂၇၇၈ဦး ဖမ်းဆီးခံရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာထဲ ကျရောက်ပေါက်ကွဲသဖြင့် သေဆုံးမှုအများဆုံး ဖြစ်ကာ ၁၀၇ ဦးရှိကြောင်း ဖော်ပြသည်။

ရွာထဲစီးနင်းဝင်ရောက်ချိန် ပစ်ခတ်မှုကြောင့် ၇၈ဦး၊ ဖမ်းဆီးထိန်းသိမ်းခံရစဉ် ၅၃ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၆ဦး သေဆုံးခဲ့သည်။ ဆန္ဒပြနေချိန်ပစ်ခတ်ဖြိုခွဲမှု၊ မီးရှို့သတ်ဖြတ်မှု၊ ဦးခေါင်းကျည်ထိမှန်မှုတို့ကြောင့် သေဆုံးသူ ၂၀ ကျော်စီ ရှိသည်ဟုလည်း ဖော်ပြသည်။

ဖမ်းဆီးခံရသူများတွင် ရန်ကုန်၌ ၇၅၈ဦးဖြင့် အများဆုံးဖြစ်ပြီး မန္တလေးတွင် လေးရာနီးပါး၊ စစ်ကိုင်းတွင် ၃၃၁ ဦး၊ ပဲခူးနှင့် တနင်္သာရီတို့တွင် နှစ်ရာကျော်ရှိနေသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူ ၂၇၀၀ကျော်အနက် သာမန်အရပ်သား နှစ်ထောင်ကျော် ပါဝင်ပြီး ပညာရေးဌာနက ၃၆၅ ဦး၊ ပါတီနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၉၂ဦး၊ ကျန်းမာရေးကဏ္ဍက ၅၁ဦးအပြင် အနုပညာရှင်၊ မီဒီယာ၊ NGO ၊ တရားစီရင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်၊ တက်ကြွလှုပ်ရှားသူများလည်း ပါဝင်သည်ဟု ဖော်ပြသည်။

………………………………..

ရန်ကုန်တွင် နျူကလီးယားစင်တာဖွင့်

ရုရှားနှင့်ပူးပေါင်းကာ မြန်မာစစ်ကောင်စီက နျူကလီးယားနည်းပညာအချက်အလက်စင်တာကို ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေထဲတွင် ဖေဖော်ဝါရီလ ၆ရက်က ဖွင့်လှစ်လိုက်သည်။

ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) နှင့် စစ်ကောင်စီ၏ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ဖြစ်နိုင်ခြေအလားအလာအား တိုင်းတာ လေ့လာရန် စစ်ကောင်စီနှင် Rosatom ကုမ္ပဏီတို့အကြား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၂ရက်က သဘောတူစာချုပ် ချုပ်ဆို လိုက်သည်။

ယင်းနောက်မြန်မာနိုင်ငံတွင် နျူကလီးယားနှင့်ပတ်သက်၍ ပထမဆုံးလုပ်ဆောင်မှုအဖြစ် စင်တာဖွင့်လှစ်ခြင်း ဖြစ်သည်။ ယင်းအပြင် နျူကလီးယားနည်းပညာ အသုံးချနယ်ပယ် ၁၄ ခုတွင် အစိုးရအချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာတွင် တည်ဆောက်မည့် နျူးကလီးယားစက်ရုံမှာ အသေးစားဓာတ်အားပေးစက်ရုံသာဖြစ်သည်ဟုဆိုထားသည်။

………………………………..

အရပ်သားတစ်ဦး သေနတ်သုံးလက်အထိ ကိုင်ခွင့်ပြုမည်ဟု စစ်ကောင်စီထုတ်ပြန်လာ

အရပ်သားတစ်ဦးလျှင် သေနတ်သုံးလက်အထိ ကိုင်ဆောင်ခွင့်ပြုမည်ဆိုသည့် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသည့် စစ်ကောင်စီ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး သဘောတူ ခွင့်ပြုချက်အရဟုဆိုကာ ယင်းအမိန့်ကြော်ငြာစာကို ဇန်နဝါရီလ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်မှာ ဖေဖော်ဝါရီလ ၁၀ ရက်တွင် လူမှုကွန်ရက်တွင် ပျံ့နှံ့လာခြင်းဖြစ်သည်။

လိုင်စင်ဖြင့် သေနတ်ငါးမျိုး၊ ပါမစ်ဖြင့် သေနတ်သုံးမျိုးကို ကိုင်ခွင့်ပြုသည်ဟု ဖော်ပြသည်။

လိုင်စင်ဖြင့် ပွိုင့် ၃၈ လက်မ ဆုံလည်သေနတ်၊ ပွိုင့် ၃၈ လက်မ သို့မဟုတ် ၉ မီလီမီတာ ပစ္စတိုသေနတ်၊ ၁၂ ဘို့ ပြောင်းချောသေနတ်၊ ပွိုင့် ၂၂ လက်မနှင့် ယင်းထက် ပြောင်းဝကျယ် အမဲလိုက်သေနတ်၊ လေသေနတ်တို့ ကိုင်နိုင်သည်ဟု ဆိုသည်။

ပါမစ်အမျိုးအစားတွင် ပွိုင့် ၃၈ သို့မဟုတ် ၉ မီလီမီတာနှင့် ယင်းထက် ပြောင်းဝကျယ် ပစ္စတိုသေနတ်၊ ရိုင်ဖယ်သေနတ်၊ စက်သေနတ်ကလေးအုပ်စုဝင် သေနတ်များ ပါဝင်သည်။

လက်နက်ကိုင်ခွင့်ရသူများမှာ အသက် ၁၈နှစ်ပြည့်ပြီးသူ၊ နိုင်ငံတော်အပေါ်သစ္စရှိသူ၊ အကျင့်စာရိတ္တကောင်းသူ၊ လုံခြုံမှုအတွက် သေနတ်ကိုင်ဆောင်ရန် အမှန်တကယ်လိုသူ ဖြစ်ရမည်ဟုဆိုသည်။

ယင်းအပြင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးတို့ကို အနှောင့်အယှက် မပြုသူ၊ အရေးယူခံရဖူးခြင်း မရှိသူ၊ စိတ်ပေါ့သွပ်သူ မဖြစ်ရကြောင်းလည်း သတ်မှတ်ထားသည်။

ပြည်သူ့ဝန်ထမ်းမဟုတ်လျှင် လိုင်စင် သေနတ်သုံးလက်အထိ ကိုင်ခွင့်ရှိပြီး ပြည်သူ့ဝန်ထမ်းဆိုလျှင် လိုင်စင်သေနတ် သုံလက်အထိ သော်လည်းကောင်း၊ ပါပစ်သေနတ် တစ်လက်သော်လည်းကောင်း ကိုင်နိုင်သည်ဟု ဆိုသည်။

စစ်တပ်အရာရှိဟောင်းများ၊ ကြံ့ခိုင်ရေးပါတီဝင်များ၊ စစ်ကောင်စီထောက်ခံသူများ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များကြောင့် သေနတ်ကိုင်ဆောင်ခွင့်ပေးရန် စစ်ကောင်စီ ထောက်ခံသူများ တောင်းဆိုလေ့ရှိသည်။

အမေရိကန်ကဲ့သို့နိုင်ငံမျိုးတွင်ပင် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးသည့် ဖြစ်စဉ်များ ဆက်တိုက်ရှိလာသဖြင့် သေနတ်ကိုင်ခွင့် အငြင်းအခုန်ဖြစ်နေသည်။ ပဋိပက္ခ မြင့်တက်နေသည့် မြန်မာနိုင်ငံတွင် လက်နက်ကိုင်ခွင့်ပြုခြင်းသည် အခြေအနေကို ပိုဆိုးနိုင်သည်ဟု ဝေဖန်မေးခွန်းထုတ်မှုများလည်း ရှိနေသည်။

………………………………..

ကယားနှင့် ကရင်က စစ်ဘေးရှောင်များကို အကူအညီပေးရန်ခက်နေ

ကယားနှင့် ကရင်ပြည်နယ်တို့က စစ်ဘေးရှောင်များကို လူသားချင်းစာနာသည့် အကူအညီပေးရန် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်သည်။

ကယားနှင့် ကရင်ပြည်နယ်အနှံ့အပြားက စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးများပိုမိုတင်းကျပ်ထားသည်ဟု ဆိုသည်။

ထို့ကြောင့် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများသည် ဝေးလံခေါင်သီဒေသများတွင် နေထိုင်နေကြရ သည့် စစ်ဘေးရှောင်ပြည်သူများထံသို့ ရောက်ရှိအကူအညီပေးနိုင်ရန် အခက်တွေ့နေခြင်းဖြစ်သည်ဟု ဆိုသည်။

ကရင်တွင် လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများမှာ စိုးရိမ်ဖွယ်ရာဖြစ်နေသည်ဟုလည်း UNOCHA က ဆိုသည်။

တိုက်ပွဲများကြောင့် ကျေးရွာ ၂၀ က လူဦးရေ ၁၇,၀၀၀ ခန့်မှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်အနီးက တောတောင်တွေထဲမှာ ခုံလှုံနေကြရကာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ဖော်ပြသည်။

ကယားပြည်နယ်တွင် စစ်ဘေးရှောင်များ ရိက္ခာအပြင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုများနှင့် ကြုံနေရကြောင်း RFA သတင်းတစ်ရပ်တွင် ဖော်ပြသည်။

………………………………..

မာရှယ်လောထုတ်ထားသည့် ထန်တလန်ရဲစခန်းအသိမ်းခံရ၊ မြို့လည်း ထိန်းချုပ်ခံရ

စစ်ကောင်စီက စစ်အုပ်ချုပ်ရေး မာရှယ်လော ကြေညာထားသည့် ချင်းပြည်နယ် ထန်တလန်မြို့က ရဲစခန်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ပြီး မြို့ကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောဆိုထားကြသည်။

ထန်တလန်မြို့ရဲစခန်းကို ချင်းအမျိုးသားတပ်ဦး (CNF) နှင့် Chinland Defense Force (CDF) တို့က ဖေဖော်ဝါရီလ ၈ ရက် ညပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ကာ နောက်ရက် နံနက်၂ နာရီတွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး နှစ်ဦးဖမ်းမိကာ ကျန်တပ်ဖွဲ့ဝင်များမှာ ထွက်ပြေးသွားကြောင်း ဆိုသည်။ သေနတ် အလတ် ၄၀ ကျော်၊ ဒရုန်းရှင်းလင်းရေးသေနတ် နှစ်လတ်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိသည်ဟုလည်း ပြောဆိုထားသည်။ CDF ဘက်ကမူ တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာ ရသည်ဟု ဆိုသည်။

ယင်းနောက်တွင် စစ်ကောင်စီဘက် လေကြောင်းတိုက်ခိုက်မှုများရှိခဲ့သည်။

စစ်ကောင်စီတပ်ရင်းရှိသည့် တောင်ကုန်းမှလွဲ၍ မြို့၏ကျန်နေရာ အားလုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း CNF ပြောခွင့်ရသူ ဆလိုင်းထက်နီက မီဒီယာများသို့ ပြောဆိုထားသည်။

တိုက်ပွဲများကြောင့် ထန်တလန်မြို့ခံများမှာ ၂၀၂၁ခုနှစ် စက်တင်ဘာလမှစတင်ကာ မြို့ကိုစွန့်ခွာတိမ်းရှောင်ခဲ့ကြပြီး မြို့မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

………………………………..

တင်းကျပ်လာသည့် စစ်အုပ်ချုပ်ရေးမြို့များ

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့များကို တင်းကျပ်မှုများ လုပ်ဆောင်လာသည်။

မြို့နယ်အချို့တွင် ညနေ ၆နာရီမှ နံနက် ၆နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ပြီး အချို့တွင် ည ၉ နာရီမှ နံနက် ၄နာရီအထိ၊ အချို့မှာ ည ၈နာရီမှ နံနက် ၅နာရီအထိ ထုတ်ထားသည်။

နေ့ဘက်တွင်မူ လူငါးဦးထက်ပိုမစုရဟုလည်း တားမြစ်တင်းကျပ်ထားသည်။

စစ်ကိုင်းတိုင်းက မြို့နယ် ၁၁ ခု၊ ချင်းပြည်နယ်က မြို့နယ် ၇ခု၊ မကွေးတိုင်းက မြို့နယ် ၅ခု၊ မွန်ပြည်နယ်က ရေးမြို့နယ်တို့ကို ညနေ ၆နာရီမှ နံနက် ၆နာရီအထိ ညမထွက်ရအမိန့် ထုတ်ထားသည်။

ပဲခူးတိုင်းက မြို့နယ် ငါးခုတွင် ည ၉ နာရီမှ နံနက် ၄နာရီအထိ၊ တနင်္သာရီတိုင်းက မြို့နယ် ၂ခုတွင် ည ၈နာရီမှ နံနက် ၅နာရီအထိ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အမိန့်မလိုက်နာလျှင် အင်အားသုံးဖမ်းဆီးအရေးယူမည်ဟု ဆိုသည်။ ညမထွက်ရအမိန့်များကြောင့် ဒေသခံပြည်သူများမှာ စီးပွားရေး၊ ကျန်းမာရေး စသဖြင့် အခက်အခဲမျိုးစုံဖြင့် ကြုံနေရပြီဖြစ်သည်။

စစ်ကောင်စီက စစ်ကိုင်း၊ ချင်း၊ မကွေး၊ ပဲခူး၊ ကယား၊ တနင်္သာရီ၊ ကရင်နှင့် မွန်တို့က မြို့နယ် ၃၇ခုကို ဖေဖော်ဝါရီလ ၂ရက်တွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

………………………………..

နေအိမ်အဖျက်ခံရသဖြင့် နေထိုင်ခွင့်တောင်းဆိုသူများ ပစ်ခတ်ခံရ

တပ်ပိုင်မြေဟုဆိုကာ နေအိမ်များ ဖျက်ဆီးဖယ်ရှားခံလိုက်ရသဖြင့် နေထိုင်ရန်နေရာ အခက်အခဲဖြစ်နေသဖြင့် မူလနေရာတွင် ပြန်လည်နေထိုင်ခွင့် ရရှိရေးအတွက် တောင်းဆိုနေကြသည့် ရန်ကုန် မင်္ဂလာဒုံမြို့နယ်က ဒေသခံများကို စစ်ကောင်စီတက် ခြောက်လှန့်ပစ်ခတ် မောင်းထုတ်ခဲ့သည်။

မင်္ဂလာဒုံမြို့နယ်ထဲက ရပ်ကွက်အချို့တွင် နေထိုင်သည့် ဒေသခံများ၏ နေအိမ် တစ်သောင်းဝန်းကျင်ကို စစ်တပ်က ပြီးခဲ့သည့် နိုဝင်ဘာလတွင် အင်အားသုံ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဖျက်ဆီးခံရသူ ရာဂဏန်းသည် နေထိုင်ရန်နေရာ အခက်အခဲနှင့်ကြုံနေရသဖြင့် မူလနေရာတွင် ပြန်လည် နေထိုင်ခွင့်ပြုရန် စံသမာဓိရပ်ကွက်ရှေ့ရှိ ကားလမ်းမဘေးတွင် ဖေဖော်ဝါရီလ ၅ရက်မှ စတင်ကာ စုဝေးတောင်းဆို ကြခြင်းဖြစ်သည်။

ယင်းနောက် သုံးရက်မြောက်ဖြစ်သည့် ဖေဖော်ဝါရီလ ၇ရက်တွင် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်မောင်းထုတ်ကြောင်း ဒေသခံတို့က ပြောဆိုထားသည်။

ဓာတ်ပုံရိုက်ကူးခဲ့သည် သားအဖနှစ်ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု ဆိုသည်။

တောင်းဆိုသူများ၏ ကိုယ်ရေးအချက်အလက်၊ လက်ရှိနေထိုင်ရာ နေရာတို့ကိုလည်း စာရင်းကောက်ယူကာ လက်ရှိငှားရမ်းနေထိုင်သူများကို နေထိုင်ခွင့်မပြုရန်လည်း စစ်ကောင်စီဘက်က ဖိအားပေးခဲ့သည်ဟုလည်း ပြောဆိုကြသည်။

………………………………..

MPT Exchange ရုံးမီးလောင်ပြီး ဖုန်းနှင့်အင်တာနက်လိုင်းများပြတ်တောက်

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင်ရှိသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT Exchange ရုံး ဖေဖော်ဝါရီလ ၇ရက် နံနက်က မီးလောင်သဖြင့် တစ်နိုင်ငံလုံးတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်သွားခဲ့သည်။

နံနက် ၁၀ နာရီကျော်တွင် မီးလောင်ခြင်းဖြစ်ပြီး မီးလောင်မှုမှာ ၄၅မိနစ်ခန့်သာ ကြာမြင့်ခဲ့သော်လည်း ဖိုင်ဘာ မိုဘိုင်းလ် အင်တာနက်၊ စာတို၊ မိုဘိုင်းလ်နှင့် တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများ ပြတ်တောက်သွားခဲ့သည်။

ယင်းနောက် စာတို၊ ဒေတာ၊ မိုဘိုင်းလ်နှင့် တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပြန်သုံးနိုင်ပြီဖြစ်ကြောင်း MPT က ယင်းနေ့ ညနေ ၈နာရီကျော်တွင် အသိပေးခဲ့သည်။

GSM တယ်လီကွန်း ဝန်ဆောင်မှု အားလုံး အသုံးပြုနိုင်ပြီဟု ဖေဖော်ဝါရီလ ၁၁ ရက်တွင် ထပ်မံအသိပေးလာပြီး ကျန်ရှိ သည့် ဝန်ဆောင်မှုများ ပြန်ရအောင်လုပ်နေသည်ဟုဆိုသည်။ ဆိုရလျှင် မီးလောင်မှုဖြစ်ပြီး ငါးရက်ကျော်ကြာ အထိ မူလအခြေအနေသို့ ပြန်မရောက်နိုင်သေးခြင်းဖြစ်သည်။

………………………………..

မီးဆက်တိုက်လောင်နေသည့် ရန်ကုန်

ရန်ကုန်တွင် ဖေဖော်ဝါရီလ ၈ ရက် တစ်ရက်တည်းတွင် ခြောက်ကြိမ်မီးလောင်ခဲ့သလို ယခုရက်ပိုင်းအတွင်း မီးဆက်တိုက်လောင်နေပြီး လူသေဆုံးမှုလည်း ရှိသည်။

သုံးရက်အတွင်းပင် မီးလောင်မှု ၁၃ကြိမ်အထိ ရှိခဲ့သည်။

ဖေဖော်ဝါရီလ ၈ရက်တွင် တောင်ဥက္ကလာ၊ အလုံ၊ ကျောက်တံတား၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ မင်္ဂလာတောင်ညွန့် မြို့နယ်တို့တွင် နေအိမ် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်တထောင်တွင်မူ သင်္ဘောမီးလောင်ခြင်းဖြစ်သည်။

အလုံဖြစ်ရပ်တွင် အသက် ၅၇နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများတွင် မီးသတ်တပ်ဖွဲ့ဝင် များလည်း ပါဝင်သည်။

ဖေဖော်ဝါရီလ ၇ရက်ကလည်း တိုက်ကြီး၊ မရမ်းကုန်းက MPT Exchange ရုံးနှင့် လှိုင်သာယာတို့တွင် မီးလောင်ခဲ့ သည်။

ဖေဖော်ဝါရီလ ၉ ရက်ကလည်း မရမ်းကုန်းတွင် ကားမီးလောင်ပြီး လှိုင်သာယာ၊ မှော်ဘီ၊ တွံတွေးတို့တွင်လည်း မီးလောင်ခဲ့သေးသည်။ လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် မီးလောင်မှုတွင် အသက် ၁၆နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပြီး နေအိမ် ၁၀ ကျော် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ဘီဘီစီ မြန်မာပိုင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

………………………………..