ရွှေနှင့်ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
3013

ယခုအပတ်တွင် ရွှေနှင့် ထိုင်းဘတ်ဈေးမှာ အတက်အကျနည်းနည်းဖြင့် ဈေးဖွင့်နေခဲ့သည်။

အခေါက်ရွှေဈေးမှာ လုံးဝငြိမ်နေခဲ့ပြီး ထိုင်းဘတ်ဈေးမှာ မဆိုစလောက်သာ အလှုပ်အခတ်ရှိသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

တစ်ပတ်လုံးနီးပါး ငြိမ်နေသည့် ရွှေဈေး

အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း အတက်အကျမရှိငြိမ်နေခဲ့သည်။

ဖေဖော်ဝါရီလ ၆ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ၄ ရက်ဆက်တိုက် ဈေးငြိမ်နေခဲ့သည်။

ထိုနောက် သောကြာနေ့တွင်မူ ကျပ်နှစ်သောင်းဈေးတက်လာပြီး တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းခွဲ ဖြစ်လာခဲ့သည်။

အတက်အကျနည်းသည့် ဘတ်ဈေး

ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် အတက်အကျနည်းနည်းဖြင့် ဈေးဖွင့်နေခဲ့သည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၅ ကျပ်ရှိခဲ့ပြီး နောက်ရက်တွင်လည်း ပြားစွန်းစွန်းသာ အလှုပ်အခတ်ရှိခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၇၅ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အတက်အကျကြမ်းသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ အတက်အကျကြမ်းခဲ့ပြီး တစ်လီတာလျှင် ၁၂၀ ကျပ် အထိ ဈေးလှုပ်နေခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၄၅ ကျပ် မှ ၂၂၆၅ ကျပ် စွန်းစွန်းဖြင့် ဈေးဖွင့်ရောင်းချနေခြင်းဖြစ်သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၄၀၀ ကျပ်မှ ကျပ် ၃၂၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

ယခုအပတ်တွင် ဈေးငြိမ်လွန်းသည့် ရွှေဈေးမှာ လာမည့်အပတ်တွင်လည်း အလှုပ်အခတ်နည်းနေမည်ဟု ခန့်မှန်းရသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၈၆၅ ဒေါ်လာ ဝန်းကျင်ဈေးဖွင့်ထားသည်။ ပြီးခဲ့သည့် နှစ်ပတ်ခန့်ကမူ ၁၉၂၈ ဒေါ်လာပေါက်ဈေးရှိသည်။

ကမ္ဘာ့ရွှေဈေး ငြိမ်နေခြင်းကလည်း ပြည်တွင်းရွှေပေါက်ဈေးအပေါ် သက်ရောက်မှုရှိပြီး ဈေးငြိမ်နေမည့် အနေအထားဖြစ်သည်။

ထိုကြောင့် လာမည့်အပတ် ပြည်တွင်းရွှေဈေးမှာ ၂၈ သိန်းခွဲဝန်းကျင်ဖြင့် အရောင်းအဝယ်ဆက်ရှိနေမည်ဟု သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း လာမည့်အပတ်တွင် လက်ရှိပေါက်ဈေးအတိုင်း အပြောင်းအလဲနည်းနည်းဖြင့် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

ယခုအပတ် ထိုင်းဘတ်ငွေ ပေါက်ဈေးမှာ တစ်ဘတ်လျှင် ၈၆ ကျပ် ဝန်းကျင်ရှိနေပြီး အတက်အကျ ကြီးကြီးမားမား ဖြစ်မည့် အလားအလာမရှိနိုင်ပေ။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ရေနံပေါက်ဈေးမှာ ငြိမ်သလောက်ဖြစ်နေပြီး ဒေါ်လာငွေလဲနှုန်းမှာ အလှုပ်အခတ်နည်းနေသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၆၅ ကျပ် ဝန်းကျင် ဈေးပေါက်နေသည်။

ထိုကြောင့် လာမည့်အပတ်တွင် ပြည်တွင်းစက်သုံးဆီဈေးမှာ လက်ရှိဈေးအတိုင်း တစ်လီတာလျှင် ၂၂၀၀ ကျပ်စွန်းစွန်းဖြင့် ဈေးဖွင့်နေမည်ဟု ခန့်မှန်းရသည်။