မလေးရှားသွားမည့် မြန်မာလုပ်သား ၅ဝနီးပါး ထိုင်းတွင်ဖမ်းဆီးခံရ၊ ကျပ်သိန်းနှစ်ထောင်လည်းအလိမ်ခံရ

0
2758

မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၄၉ ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်းနယ်စပ်ဖြစ်သော ပရာကျွတ်ခီရီခန်ခရိုင် ကောလတ်ဒေသတွင် ဖေဖော်ဝါရီလ ၄ ရက်က တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာစဉ် ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ကြောင်း ရေးသားထားသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၃၅ဦးနှင့် အမျိုးသမီး ၁၄ဦးတို့ပါဝင်နေပြီး နယ်စပ်တောလမ်းကြောင်းတစ်လျှောက် ခြေလျင်လျှောက်လာခဲ့ကာ တောအုပ်ထဲတွင် ပုန်းနေရာမှ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

မလေးရှားသို့သွားရောက်လုပ်ကိုင်ရန် မြန်မာပွဲစားကို တစ်ဦးလျှင် ဘတ် ၄၅၀၀၀ အထိ (သိန်း ၄၀ ခန့်) အကုန် ပေးချေပြီးဖြစ်ရာ မြန်မာအလုပ်သမားအားလုံးအတွက် စုစုပေါင်း ဘတ် ၂၂ သိန်းကျော် (သိန်း ၂၀၀၀ ခန့်) ပေးချေခဲ့ရကြောင်း ဖော်ပြသည်။

မြန်မာပွဲစားနှင့် ချိတ်ဆက်ထားသည့် ထိုင်းပွဲစားလာခေါ်မည်ကို စောင့်ဆိုင်းနေခဲ့သော်လည်း လာခေါ်ခြင်းမရှိသဖြင့် ထိုင်းပွဲစားထံ ဖုန်းဖြင့်ဆက်သွယ်ရာ မြန်မာပွဲစားက ငွေလွှဲပေးထားခြင်း မရှိသဖြင့် လာမခေါ်နိုင်ဟု ပြောဆိုကြောင်း မြန်မာအလုပ်သမားများ၏ ထွက်ဆိုချက်ကို သတင်းတွင် ရေးသားထားသည်။

ယင်းသို့ အချိန်မီ လာမခေါ်သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။  

မြန်မာအလုပ်သမားများသည် ရန်ကုန်၊ ရခိုင်၊ ကချင်တို့မှ လာရောက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဖမ်းဆီးရမိသူများကို ကိုဗစ်ရောဂါစစ်ဆေးခဲ့ပြီး သက်သေအထောက်အထားများကို သိမ်းဆည်းကာ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေးအတွက် ပရာကျွတ်ခီရီခန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ရေးသားထားသည်။

ပွဲစားများကို ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း‌ ဖော်ပြသည်။

Ref: Kom Chad Luek, Matichon Online